အလုပ်သမား ကော်မတီ တစ်ရပ် ဖွဲ့စည်းပေးရန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တောင်းဆို

အလုပ်သမား ကော်မတီ တစ်ရပ် ဖွဲ့စည်းပေးရန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တောင်းဆို

 မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မြန်မာသံရုံးမှ ဦးဆောင်သော အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ ပြန်လည် ဖွဲ့စည်းပေးရန် မြန်မာသံရုံးရှေ့တွင် ရွှေ့ပြောင်းအလုပ်သမားများက ဒီဇင်ဘာလ ၁၉ ရက်က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်၍ တောင်းဆိုလိုက်သည်။

အလုပ်သမားအရေးဆောင်ရွက်နေသော AAC (ဖျက်သိမ်း) အဖွဲ့မှ ဦးဆောင်၍ မြန်မာအလုပ်သမား ၈၀၀ ခန့်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် နေ့လည် ၁၁ နာရီမှ ၁၂ နာရီထိ ဆန္ဒဖော်ထုတ်၍ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာသံရုံးအနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများဘက်မှ မားမားမတ်မတ် ရပ်တည်ပေးမည့် ကော်မတီတရပ်ဖွဲ့စည်း၍ အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးရန် တောင်းဆိုရခြင်း ဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမား မဖြိုးက ပြောသည်။

“ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် ကူညီစောင့်ရှောက်ပေးမဲ့ အဖွဲ့အစည်းလိုအပ်တယ်။ ရိုးသားစွာနဲ့ တစိုက်မတ်မတ် ကူညီစောင့်ရှောက်ပေးမဲ့ အဖွဲ့အစည်း လိုအပ်တဲ့အတွက် ကျမတို့သံရုံးမှာ လာတောင်းဆိုရတာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာပေါင်းက မနည်းဘူး။ အဲဒီအခါကျတော့ ကိုယ်တိုင်လာရောက် ဖြေရှင်းပေးနိုင်မယ့် ဘယ်အဖွဲ့အစည်းအနေနေ မြန်မာအလုပ်သမားတွေအတွက် လိုအပ်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

မြန်မာသံရုံးမှ အဆိုပါ ကော်မတီကို ဖွဲ့စည်းပေးမှသာလျှင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေးကို AAC မဟာမိတ်အဖွဲ့က  ဆက်လက် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း သူက ပြောသည်။

“အဓိကတော့ ကျနော်တို့ အေအေစီအဖွဲ့ဖျက်သိမ်းတဲ့နောက်ပိုင်းမှာ မြန်မာသံရုံး၏ ကျောထောက်နောက်ခံ ဖြစ်သွားတဲ့အတွက် မြန်မာသံရုံးကျောထောက်နောက်ခံကို ပြန်လည် ရယူပေးဖို့နဲ့ မြန်မာသံရုံး ဦးဆောင်တဲ့ မြန်မာသံရုံး ကူညီစောင့်ရှောက်ရေး ကော်မတီ ယခင် သံအမတ်ဦးအေးမောင် လက်ထက်က ကဲ့သို့ ပြန်လည် ဖွဲ့စည်းပေးဖို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေက တောင်းဆိုတာပါ၊ စာကို သံရုံးက တာဝန်ရှိသူတယောက်က လက်ခံလိုက်ပါပြီ”ဟု AAC (ဖျက်သိမ်း) မှ ဦးရဲမင်းက ပြောသည်။

အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ ဖွဲ့စည်းပေးရန် တောင်းဆိုသော စာကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး သံအမတ်ကြီး ဦးမျိုးမြင့်သန်း တို့ထံ စာပေးပို့လိုက်သည်ဟု သိရသည်။

AACရုံးတွင် လက်ရှိ အမှုရင်ဆိုင်နေရသော လုပ်ငန်းခွင်အတွင်း ဒုက္ခရောက်နေသော ခြေပြတ်၊ လက်ဖြတ်၊ တကိုယ်လုံး မီးလောင်ခံရသော မြန်မာအလုပ်သမား အများအပြားရှိနေပြီး ၄င်းတို့အတွက် ကူညီဆောင်ရွက်ပေးရန်လည်း တောင်းဆိုလိုကြောင်း အလုပ်သမား မဖြိုးက ပြောသည်။

ဒီဇင်ဘာလ ၁၁ ရက်က AAC ကို ဖျက်သိမ်းလိုက်ပြီး ၄င်းအဖွဲ့မှ တာဝန်ယူပေးနေသော မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် မြန်မာသံရုံးမှ ဆက်လက် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း AAC က ပြောဆိုထားသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...