ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာတွင် ကျင်းပခဲ့သည့် ၄၃ နှစ်မြောက် ရခိုင်ပြည်နယ်အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ပွဲ ရွှေမောင်းတန်းတွင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ နေပိုင်စိုး နှင့် ကျောက်ဖြူမြို့နယ်မှ ရန်နိုင်ထွန်းတို့က အနိုင်အရှုံး မရရှိဘဲ ပူးတွဲပထမ ရရှိခဲ့ကြသည်။
“ကျနော် ရွှေမောင်းတန်းအတွက် ရခိုင်ပြည်နယ်နေ့မှာ ၀င်ရောက် ယှဉ်ပြိုင်တာ ၃ နှစ်ရှိပါပြီ။ မနှစ်က ရန်ကုန်မှာကျင်းပတဲ့ ၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာလည်း ရွှေမောင်တန်း ပထမဆုကို ရရှိခဲ့ပါတယ်”ဟု ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာမှ နေပိုင်စိုးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
၄င်းကျင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင်လူမှုအသင်းအဖွဲ့များ စုပေါင်းကာ ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ကျင်ပွဲတွင် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကျင်သန်များ လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေမောင်တန်းတွင် ၃၀ ဦး၊ ငွေပေါင်းတန်းတွင် ၂၅၀ ဦးပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
ရွှေမောင်းတန်းအတွက် ပထမဆုကို ၁၀ သိန်းကျပ်၊ ဒုတိယဆုကို ၈ သိန်းကျပ်၊ ငွေမောင်းတန်းအတွက် ပထမဆုကို ၈ သိန်းကျပ်နှင့် ဒုတိယဆုကို ၆ သိန်းကျပ်အသီးသီး ချီးမြှင့်ခဲ့သည်ဟု သိရသည်။
ငွေမောင်းတန်းတွင် ပထမဆုကို ကျောက်ဖြူမြို့နယ်မှ တင်မောင်ကလည်းကောင်း၊ ဒုတိယဆုကို ကျောက်ဖြူမြို့နယ်မှ စိုးနိုင်ထွန်းတို့ကလည်းကောင်း အသီးသီးရရှိခဲ့သည်။
“ကျင်ကိုင်တဲ့နေရာမှာ လူအများစုဟာ မာန်မာနနဲ့ ကိုင်ကြပါတယ်။ မာန်မာနနဲ့ကိုင်တာက ရခိုင်ရိုးရာကျင်ကို ဖျက်ဆီးတာနဲ့ တူပါတယ်။ ကျနော့်အနေနဲ့ ကျင်သန်တွေကို ပြောချင်တာကတော့ ကျင်ကိုင်တဲ့နေရာမှာ မာန်မာနမထားဘဲ၊ အရှုံးအနိုင်ကို ပဓာနမထားဘဲ ကိုယ့်ရဲ့ပြိုင်ဘက်လို့ သဘောထားပြီး ကိုင်ကြစေချင်ပါတယ်” ဟု ငွေမောင်းတန်းပထမဆုကို ရရှိသူ တင်မောင်ကပြောသည်။
ကျင်သန်တင်မောင်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမက (ခွဲ) မညှင်းချောင်းတွင် စာပြနေသော ကျောင်းဆရာတစ်ဦးဖြစ်ပြီး ငွေမောင်း ရ၀ လုံးခန့် ရရှိထားပြီဟု သိရသည်။
ကျင်ပွဲသို့ ရန်ကုန်တိုင်းတွင် သီတင်းသုံးနေကြသော သံဃာတော်များ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ပရိသတ်စုစုပေါင်း ၂၀၀၀ ခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။







