တနိုင်းတွင် တိုက်ပွဲများနှင့် ကုန်စည်တင်ပို့မှုအခက်အခဲများကြောင့် စားနပ်ရိက္ခာပြတ်တောက်နေဟုဆို

တနိုင်းတွင် တိုက်ပွဲများနှင့် ကုန်စည်တင်ပို့မှုအခက်အခဲများကြောင့် စားနပ်ရိက္ခာပြတ်တောက်နေဟုဆို
by -
စိုးသူအောင်
၂၀၁၇ ခုနှစ် ဇွန် ၆ရက်ကမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam/Facebook
၂၀၁၇ ခုနှစ် ဇွန် ၆ရက်ကမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam/Facebook

ကချင်ပြည်နယ်၊ တနိုင်းဒေသတွင် ကုန်စည်တင်ပို့မှုအခက်အခဲများနှင့် တိုက်ပွဲများကြောင့် ဆန်၊ ဆီ၊ ဆားကဲ့သို့ အခြေခံစားသောက်ကုန်များ   ပြတ်တောက်မှုဖြစ်ပေါ်နေသည်ဟုသိရသည်။

ဒေသခံ ၅သောင်းခန့်နေထိုင်သည့် အဆိုပါဒေသတွင် ဆန်၊ ဆီ၊ ဆားကဲ့သို့သော အခြေခံစားသောက်ကုန်များ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအခြေခံစားသောက်ကုန်များအား လုံခြုံရေးအခြေအနေအရ အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ရှိနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူးတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအားတီယောဟန်က ဆိုသည်။

“ ဆန်၊ ဆီ၊ ဆားပြတ်တယ်ဆိုတာ ပြည်သူတွေ ပြတ်တယ်။ တချို့နေရာတွေမှာတော့မပြတ်ဘူး။ ထိန်းထားတယ်။ ဘာကြောင့်လည်းဆိုတော့ ပြည်သူတွေကကျတော့ တရားဝင် ဆန်တွေ၊ ဆီတွေ သယ်လို့ မရဘူး။ အကန့်အသတ်နဲ့။ ဒီတနိုင်းတောင်မကဘူး ပူတာအိုမှာတောင် ရိုးရာပွဲအတွက် တင်ပါတယ် ဆိုတဲ့ ဆန်တွေ၊ သစ်သီးတွေ ကျွန်တော်တို့ကိုယ်တိုင်တင်တဲ့ဟာတွေတောင် ခဏခဏ အတားခံရတာ ဟိုမှာ။ ပြည်သူတွေဆို မပြောနဲ့တော့ ကျွန်တော်တို့ အစိုးရအဖွဲ့ ဝန်ကြီးလုပ်တာတောင်မှ အခက်အခဲရှိပါတယ်”  ဟု၄င်းကဆိုသည်။

လက်ရှိတွင် လုံခြုံရေးအတွက် တပ်မတော်မှထိန်းချုပ်ထားခြင်းဖြစ်ကြောင်းလည်း ဦးအားတီယောဟန်က ပြောသည်။

တနိုင်းဒေသအတွင်းတွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေသော နေရာများသည် ဒေသခံများ၏ စိုက်ခင်း များနှင့် နီးစပ်နေသည့်အတွက် ရိတ်သိမ်းရန်လည်း ခက်ခဲနေကြောင်း သိရသည်။  

ထို့အပြင် လူမှုရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များမှ လှူဒါန်းသည်များကိုလည်း သွားရောက်ပို့ဆောင်ရန် ခက်ခဲနေပြီး လုံခြုံရေးမရရှိသောကြောင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း အဆိုပါဒေသသို့ သွားရောက်ရန် ခက်ခဲနေသေးကြောင်း ဦးအားတီယောဟန်က ဆိုသည်။

ကချင်ပြည်နယ်၊ တနိုင်းဒေသသည် တပ်မတော်နှင့် KIA တို့မကြာခဏတိုက်ပွဲဖြစ်ပွားတတ်သည့် နေရာထဲတွင် တစ်ခုအပါအဝင်လည်းဖြစ်ပြီး တနိုင်းတွင် ၂၀၁၇ နှစ်ဆန်းပိုင်းကလည်း ဆန်၊ ဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့သေးသည့် ဒေသတစ်ခုလည်းဖြစ်သည်။

“ အဓိကတော့ နှစ်ဖက်လက်နက်ကိုင်တွေ တပ်မတော်နဲ့တစ်ဖက်ကလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပြည်သူတွေကို နားလည်ပေးဖို့လိုပါတယ်။ ကြားထဲမှာ ပြည်သူတွေက အရမ်းကို ဒုက္ခရောက်နေရပါတယ် “  ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူးတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်ကပြောဆိုလိုက်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...