ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်မှ ၎င်းအပေါ် ရခိုင်ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးမည့် အပေါ် ဥပဒေကြောင်းအရ ဖြေရှင်းသွားမည်ဟု ပြောကြားသည်။
ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှမှ စည်ပင်ဝန်ကြီး ဦးမင်းအောင်အား စုံစမ်း စစ်ဆေးရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ(ဂ)ဖြင့် ၅ ဦးပါ စုံစမ်း စစ်ဆေးရေးအဖွဲ့ တစ်ခုကို ဒီဇင်ဘာ ၅ ရက် နေ့စွဲဖြင့် ဖွဲ့စည်းပေးခဲ့သည်။ ယင်းဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး စည်ပင်ဝန်ကြီး ဦးမင်းအောင်အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် သူက ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။
“ ကျွန်တော်ဆီကိုတော့ တိုက်ရိုက်စာမရောက်သေးဘူး။ လူမှုကွန်ယက် စာမျက်နှာပေါ်မှာတော့ ကျွန်တော်ကို စစ်ဆေးဖို့ အဖွဲ့ဖွဲ့တယ်လို့ တစ်ပိုင်းတစ်စ စာတစ်ခုကိုတော့ ဖတ်ရပါတယ်။ ကျွန်တော်က ဖြေရှင်းပေးရမှာပေါ့ဗျာ။ သူတို့မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စွပ်စွဲလို့ ရတယ်။ သူတို့က အချက်အလက်တွေနဲ့ ကျွန်တော် ဘယ်နေရာမှာ တာဝန် မကျေသလဲ၊ ထိခိုက်နစ်နာမှု ဘယ်လိုရှိတယ်ဆိုတာကို သူတို့ ပြောပြရမှာ ပေါ့။ ကျွန်တော်ကလည်း ဥပဒေနဲ့ အညီ ဖြေရှင်းပေးရမှာပေါ့” ဟု စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးမှ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်သည် ဥပဒေအရ ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ မထမ်းဆောင် နိုင်သောကြောင့် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးစီးပွားကို ထိခိုက်နစ်နာ ဆုံးရှုံးမှုများရှိနေသည့် အတွက် စည်ပင်သာယာရေး ၀န်ကြီးရာထူးမှ ရပ်စဲနိုင်ရေး ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် လွှတ်တော်ကို တင်ပြလာခဲ့သည်ဟု ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၏ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းချက်တွင် ဖော်ပြသည်။
ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌမှ ထိုသို့ တင်ပြလာပြီးနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ(ဂ)ဖြင့် ဦးမင်းအောင် စုံစမ်းစစ်ဆေးရန် ၅ ဦးပါ စုံစမ်း စစ်ဆေးရေးအဖွဲ့ တစ်ခုကို ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
“ ပါတီတို့ လွှတ်တော်တို့ဆိုတာက နိုင်ငံရေး လုပ်နေကြတဲ့ အဖွဲ့အစည်းဆိုတော့ ခုလုပ်ရပ်က နိုင်ငံရေးနှင့် ပတ်သက်နိုင်တာပေါ့ဗျာ။ ဒါပေမယ့် သူတို့ ၁၇ ဦးက ဘယ်လို စွပ်စွဲထားသလဲဆိုတာ မသိရသေးတဲ့ အတွက် ဘယ်လို ဖြေရှင်းရမယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး” ဟု ဦးမင်းအောင်က ပြောကြားသည်။
ရခိုင်ပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းပေးလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဘူးသီးတောင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေမှ ဦးဇော်ဇော်မြင့်က တာဝန်ယူမည် ဖြစ်ပြီး အဖွဲဲဝင်များထဲတွင် စစ်တွေမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်း၊ ရသေ့တောင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၊ သံတွဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးနှင့် ကျောက်တော်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန် (ခ) ဦးမောင်မောင်တို့ ပါ၀င်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် လုပ်ငန်းများကို ပိုမို သိရှိလိုသဖြင့် အဖွဲ့ခေါင်းဆောင် ဦးဇော်ဇော်မြင့်အား ဖုန်းအကြိမ်ကြိမ်ဆက်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိ၍ ၎င်းအဖွဲ့၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။
စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် စစ်ဆေးတွေ့ရှိချက်များကို ဒီဇင်ဘာ ၁၉ ရက်နေ့ကို နောက်ဆုံးထားပြီး လွှတ်တော် ဥက္ကဋ္ဌရုံးသို့ပို့ပေးရမည် ဖြစ်ကြောင်း သိရှိရသည်။







