ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ငပလီမြို့၊ မြပြင်တွင် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ကုန်ကျခံတည်ထားကိုးကွယ်မည့် မြောက်ဦးခေတ်လက်ရာ ပုထိုးတော်ကြီး တစ်ဆူ အတွက် ပန္နက်ရိုက်ပွဲကို ဘာသာရေး ထုံးတန်းစဉ်လာများနှင့် အညီ ဒီဇင်ဘာ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန္နက်ရိုက်ပွဲကို ၎င်းနေ့ နံနက်ပိုင်းက အခမ်းအနားဖြင့် ကျင်းပပြုလုပ်ရာ ဆရာတော်ကြီး ၂၇ ပါးနှင့် လူပေါင်း ၁၀၀၀ ခန့်တက်ရောက်ခဲ့သည်။
“ အခုပုထိုးတော် တည်မယ့်နေရာက မြရတနာ တောင်ထိပ်မှာ ဖြစ်ပါတယ်။ ၂ နှစ်နဲ့ အပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။ ကုန်ကျမယ့် ငွေက သိန်းပေါင်း ၂၀၀၀ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်” ဟု မြပြင်ဂေါပက အဖွဲ့အတွင်းရေးမှူး ဦးမြင့်ဇော်က ပြောသည်။
၎င်းပုထိုးတော်ကြီးကို မြောက်ဦးခေတ်လက်ရာ လေးမျက်နာ ပုထိုးတော်ကြီးပုံစံတူ တည်ထား ကိုးကွယ်မည်ဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ ၄၅ ပေ ရှိမည်ဖြစ်ရာ အောက်ခြေ ဂူဝအမြင့်မှာ ၁၂ ပေရှိမည် ဖြစ်သဖြင့် ပုထိုးတော်၏ အမြင့်ပေမှာ ၅၇ ပေ ရှိမည် ဖြစ်ကြောင်း သိရသည်။
“ ဒီဘုရားကို တည်ထားရတဲ့ ရည်ရွယ်ချက်က သုံးချက်ရှိပါတယ်။တစ်ချက်က ငပလီမြပြင်မှာရှိတဲ့ မြရတနာကျောင်း ဆရာတော်ကြီး အဂ္ဂမဟာ သဓမ္မဇောတိက ဘဒ္ဒန္တဝိမလဟာ အခုအခါ သက်တော် ၉၃ နှစ်၊ ၀ါတော် ရ၃ ၀ါရှိပါပြီ။ ဆရာတော်ကြီးကို ကျေးဇူးကို ဆပ်လိုတဲ့ အတွက် ၀ါတော် ရ၃ ၀ါ အရောက်မှာ ဒီပုထိုးတော်ကို ဒေသခံ ပြည်သူတွေ ဖူးမျှော်နိုင်ရန် ရည်ရွယ်ပြီး တည်ထားဖို့စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ဦးမြင့်ဇော်က ပြောသည်။
ဒုတိယ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တွင် တောင်ပိုင်း မြောက်ပိုင်းကွဲပြားမှုကို မလိုလားသည့် အပြင် ရခိုင်အမျိုးသား အချင်းချင်းကြားတွင် ချစ်ခင်ရင်းနှီးမှုကို တည်ဆောက်လို၍ မြောက်ဦး ခေတ်လက်ရာ ဘုရားပုထိုးတော်ကို တည်ထားခြင်းဖြင့် ဖြစ်ကြောင်း၊ တတိယအနေဖြင့် နိုင်ငံသားခရီးသွားများကို ဆွဲဆောင်လို၍ ဖြစ်ကြောင်း သူက ပြောကြားသည်။
ပုထိုးတော်ကြီးတွင် အရံပုထိုးတော်ငယ် ၆၀ ကျော် ရ၀ နီးပါး တည်ထားမည်ဖြစ်ကြောင်း သိရသည်။
၎င်းပုထိုးတော်ကြီးအတွက် မြရတနာကျောင်းဆရာတော်ကြီးမှ သိန်း ၁၅၀၊ ဦးမြင့်ဇော်နှင့် ဒေါ်စန်းစန်းမြတ်မိသားစုမှ သိန်း ၃၀၀၊ ဦးမြင့်စိုးနှင့် ဒေါ်ရွှေဖဲမိသားစုမှ သိန်း ၂၅၀၊ ဦးသန်းနိုင်နှင့် ဒေါ်တင်မာခိုင် မိသားစုမှ ကျပ်သိန်း ၁၀၀၊ ဦးထွန်းမင်းလတ်နှင့် ဒေါ်ချောစုမိသားစုမှ ကျပ် သိန်း ၁၀၀၊ ဦးတင်လှနှင့် ဒေါ်ဝေကြည် မိသားစု ကျပ်သိန်း ၅၀၊ ဦးမောင်လိူင်နှင့် ဒေါ်အေးအေးမြင့် မိသားစုတို့မှ ကျပ်သိန်း ၅၀ ထည့်ဝင်ကြပြီး တစ်ခြား အလှူရှင်များကလည်း ကျပ် ၁၀သိန်း၊ ၅ သိန်းဖြင့် အသီးသီ ထည့်ဝင် လှူဒါန်းထားကြသည်ဟု သိရသည်။







