(၄၃) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့နှင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သော စက်ဘီးသမားဟောင်း ဖခင်ဖြစ်သူ ဦးငပြူးကို ဂုဏ်ပြုသောအားဖြင့် သားဖြစ်သူ ဦးဝင်းမောက် (၆၇) နှစ်က စစ်တွေမှ ရန်ကုန်ထိ စက်ဘီးစီးနှင်းပြီး ဂုဏ်ပြုသွားမည်ဟု သတင်းရရှိသည်။
ထိုသို့ စက်ဘီးစီးနှင်း ဂုဏ်ပြုမည်ကို ဒီဇင်ဘာလ ၃ ရက် နံနက် ၁၀ နာရီတွင် စစ်တွေမြို့ ကမ်းနားလမ်းရှိ SS Food Centre တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဝင်းမောက် ထုတ်ဖော် ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။
၁၉၆၇ ခုနှစ် စစ်တွေ ဆန်ပြဿနာနေ့တွင် ကျည်ဆံထိမှန်၍ ခြေတစ်ဖက် မသန်စွမ်းဖြစ်ခဲ့ရသည့် ဦးဝင်းမောက်သည် ဖခင်၏ အားကစား အမွေကို ဆက်ခံသည့်အနေဖြင့် ယခု စက်ဘီးစီးပြီး ဂုဏ်ပြုခြင်း ဖြစ်သည်ဟု ဆိုသည်။
“ ကျွန်တော် ခြေတစ်ဖက်က သိပ်မသန်ဘူး။ ဒါပေမယ့် ယခင် ၆ လခန့်မှကတည်း စက်ဘီးစီး စတင်လေ့ကျင့်ခဲ့ပါတယ်။ အခုကတော့ ကြံ့ခိုင်ပြီး ကျင့်သားရသွားပါပြီ။ ဒါကြောင့် စစ်တွေကနေ ရန်ကုန်ကို စက်ဘီးစီးပြီး ရခိုင်ပြည်နယ်နေ့ကိုရော၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး ဦးငပြူးကိုရော ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမောက်က ပြောသည်။
ဦးဝင်မောက်၏ ဖခင်ဖြစ်သူ ဦးငပြူးသည် မြန်မာနိုင်ငံအနှံ့ ၇ ကြိမ်တိတိ မိုင်ပေါင်း ၃ သောင်းကျော် စက်ဘီး စီးနင်းခဲ့သူ ဖြစ်ကြောင်း သိရသည်။
ဦးဝင်းမောက်သည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်တွေမှ ရမ်းဗြဲသို့ ရေကြောင်းခရီးဖြင့် သွားရောက်မည် ဖြစ်ပြီး ရမ်းဗြဲမြို့မှတဆင့်သာ စက်ဘီး စတင်စီးနင်း ထွက်ခွာမည်ဟု ဦးဝင်းမောက် ကပြောသည်။
ရမ်ဗြဲမြို့မှ တစ်ဆင့် မအီ- တောင်ကုတ်- သံတွဲ- ဂွ- ငါးသိုင်းချောင်း-ရေကြည်-ကျုံပျော်-ဓနုဖြူ-ညောင်တုန်း-ဆားမလောက်-လှိုင်သာယာ-ရန်ကုန် ( တိုင်းရင်းသားကျေးရွာ) ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ သွားရောက်မည် ဟု သိရသည်။
ခြေတစ်ဖက် အသန်စွမ်း ဖြစ်သော်လည်း တစ်ရက်လျှင် အသွားအပြန် မိုင် ၂ဝခန့်ထိ လေ့ကျင့်ထားသည် ဟုလည်း ဦးဝင်းမောက် ကဆိုသည်။
ခရီးမှ အပြန် မြို့များရှိ စာသင်ကျောင်းများတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဟောပြောပွဲများ ပြုလုပ် သွားမည် ဖြစ်သည် ဟု သိရသည်။
မာရသွန် စက်ဘီးစီးနင်းမည့် စိတ်ကူးရခဲ့သည်မှာ ဖခင်၏ အမွေကို ဆက်ခံခြင်းနှင့် ကျန်းမာရေး လိုက်စားခြင်းတို့ကြောင့် ဖြစ်သည်ဟု သူက ပြောသည်။
ဦးဝင်းမောက်၏ ဖခင် ဦးငပြူးသည် စက်ဘီးအားကစားသမားတစ်ဦး ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဆီးဂိမ်း အားကစားပွဲအထိ မြန်မာနိုင်ငံအနှံ့ စက်ဘီးအားကစား ဖြင့် ဂုဏ်ပြုလှုံ့ဆော် စီးနင်းခဲ့သည်။ ၁၃ နှစ်အတွင်း မိုင်ပေါင်း ၃ သောင်းကျော် စီးနင်းခဲ့ပြီး ၂၀၁၅ အသက် (၉၇)နှစ်တွင် ကွယ်လွန်ခဲ့သည်။







