ရခိုင်အမျိုးသားပါတီ (ANP) မှ ဒေါက်တာအေးမောင်အား နုတ်ထွက်ခွင့်တင်သော်လည်း နုတ်ထွက်ခွင့် ပြုသင့်/မပြုသင့် ဆိုသည်ကို ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတချို့က နိရဥ္စရာသို့ ပြောဆိုသည်။
“ ပါတီ ဥက္ကဋ္ဌ တစ်ယောက်နုတ်ထွက်စာတင်တယ်ဆိုတော့ ဒီအပေါ်မှာ ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ခေါ်ယူပြီး ဆုံးဖြတ်ရမှာ ဖြစ််ပါတယ်။ လိုအပ်ရင် ဗဟိုကော်မတီ အစည်းအဝေး ခေါ်သင့်ရင်လည်း ခေါ်ရမှာ ဖြစ်ပါတယ်” ဟု ANP ပါတီ အတွင်းရေးမှူး(၁) ဦးသာထွန်းလှက ပြောသည်။
ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးအား မည်သည့်နေ့ရက်တွင် ခေါ်ယူ ကျင်းပမည်ကို မသိရသေးကြောင်း၊ ဥက္ကဋ္ဌအဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့တို့ တွေ့ဆုံပြီးမှ နေ့ရက် သတ်မှတ်နိုင်မည် ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ပါတီမှ နုတ်ထွက်ရန် စာတင်လိုက်ခြင်းနှင့် ပတ်သက်ပြီး ပါတီဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်အား နိရဥ္စရာသတင်းဌာနမှ မေးမြန်းရာ “ ဒေါက်တာ အေးမောင် နုတ်ထွက်စာကို သူ့သားက ဒီနေ့ မနက် ၁၁ နာရီမှာ ပါတီဌာနချုပ်က ရုံးစာရေးကြီးဆီ လာတင်တယ်။ အခုတော့ အဲလောက်ပဲ ပြောလို့ရမယ် “ဟု ဒေါ်အေးနုစိန်က ဆိုသည်။
ပါတီတာဝန်နှင့် ပါတီဝင်အဖြစ်မှနုတ်ထွက်ခွင့်ပြုရန်ဟူသည့်အဆိုပါစာကို နိုဝင်ဘာ ၂၇ ရက်နေ့ ရက်စွဲဖြင့် ဒေါက်တာအေးမောင်ကိုယ်တိုင်လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး ယင်းစာကို ပါတီဌာနချုပ်ထံ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တင်လာခြင်းဖြစ်သည်။
“ANP အတွင်း၌ ခေါင်းဆောင်များအချင်းချင်းကြား ညီညွတ်မှုမရှိသည့်အပြင် အစည်းအဝေးတွင်ရော၊ အစည်းအဝေးပြင်ပတွင်ပါ ခေါင်းဆောင်များ၏တပည့်များမှ နည်းမျိုးစုံဖြင့် တိုက်ခိုက်ခြင်း၊ လူမှုမီဒီယာများ၌ အုပ်စုဖွဲ့စော်ကားခြင်း၊ အထူးသဖြင့် မိမိတစ်ဦးတည်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းများကို တွေ့ရှိနေရပါသည်”ဟု အဆိုပါနုတ်ထွက်စာတွင် ဖော်ပြထားသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့်တွေ့ဆုံနိုင်ရန် စစ်တွေရှိ သူ၏နေအိမ်သို့သွားရောက်ခဲ့သော်လည်း အိမ်တံခါးပိတ်ထားသည်ကိုတွေ့ရသည်။ ယင်းနောက် ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထား၍ ဆက်သွယ်မရခဲ့ပေ။
“ပါတီမှ နုတ်ထွက်ပြီးနောက်တွင် မပြီးဆုံးသေးသော ရခိုင်အမျိုးသားရေးတာဝန်များကိုမူ အမျိုးသားရေးဝါဒီတစ်ဦးပီပီ မိမိ၏ မိတ်ဆွေများနှင့်အတူ လက်တွဲလျက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အသက်ထက်ဆုံး ကြိုးစားဆောင်ရွက်သွားမည်ဟု သံန္နိဋ္ဌာန်ချမှတ်ထားပါကြောင်း အသိပေးအပ်ပါသည်”ဟုလည်း ဒေါက်တာအေးမောင်က နုတ်ထွက်စာထဲတွင် ဆိုထားသည်။
၎င်းပြင် ပါတီ တာဝန်ရှိသူများအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကုန်ကျ စရိတ်ရှင်းတမ်း (ရ/သုံး)၊ စစ်ပြေးဒုက္ခသည်များ ကူညီရေးနှင့် ရခိုင်ဘဂီါလီ ပဋိပက္ခကူညီရေး ငွေစာရင်းရှင်းတမ်းများကို လူထုထံသို့လည်းကောင်း၊ ပါတီဝင်ထုထံသို့လည်းကောင်း အမြန်ဆုံး ထုတ်ပြန်ပေးရန်လည်း နုတ်ထွက်စာတွင် ဒေါက်တာ အေးမောင်က တောင်းဆိုထားသည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူဖြစ်သည်။







