‘‘ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ’’ အမည်ရှိ အစီအရင်ခံစာ စာအုပ်မိတ်ဆက်ပွဲပြုလုပ်

‘‘ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ’’ အမည်ရှိ အစီအရင်ခံစာ စာအုပ်မိတ်ဆက်ပွဲပြုလုပ်

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ‘‘ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ’’ အမည်ရှိ အစီအရင်ခံစာ စာအုပ်မိတ်ဆက်ပွဲကို ကျောက်ဖြူမြို့၊ ဟိုတယ်ကျောက်ဖြူတွင် နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီက ပြုလုပ်ခဲ့သည်။

ဤအစီရင်ခံစာတွင် ယခင်နှစ်များက အကောင်အထည်ဖော်ခဲ့ပြီးသော စီမံကိန်းများနှင့် မကြာမီ တည်ဆောက်ရန် ပြင်ဆင်နေသော ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဖြစ်ပေါ်လာမည့် အခက်အခဲပြသနာများနှင့် လက်ရှိ မြေပြင်တွင် ဖြစ်ပေါ်နေသော ပကတိ အနေအထားကို လေ့လာ၍ တင်ပြထားကြောင်း သိရသည်။

‘‘ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း အနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ကာလတစ်လျှောက် ကြုံတွေ့ရတဲ့ ဒေသတွင်း ပြသနာတွေကို လျော့ကျစေဖို့နဲ့ လူ့အခွင့်အရေးနဲ့ မြေယာအခွင့်အရေး ချိုးဖောက်ခံရခြင်း အတွက် ပိုပြီး အဆင်ပြေလာစေဖို့ ရည်ရွယ်ပါတယ်။ အဓိက ဦးစားပေး ရေးထားတဲ့ အကြောင်းကတော့ ကျနော်တို့ဒေသမှာ တည်ဆောက်မည့် အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အခွင့်အလမ်းတွေရှိမယ်။ စိန်ခေါ်မှုတွေရှိမယ်။ အားသာချက်ကတော့ ဘာဖြစ်မယ်၊ အားနည်းချက်ကတော့ ဘာဖြစ်မယ်ဆိုတာကို အဓိက ထောက်ပြထားပါတယ်။ နောက်တစ်ပိုင်းကတော့ ဥပဒေ၊ နည်းဥပဒေတွေရဲ့ အားနည်းချက်တွေနဲ့ ဒေသခံလူအများစုရဲ့ အခွင့်အရေးကို ထောက်ပြဆွေနွေးထားပါတယ်’’ဟု ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ညှိနှိုင်းရေးမှူး ကိုထွန်းကြည် ကပြောသည်။

ယခင်နှစ်များက အကောင်အထည်ဖော်ခဲ့သော စီမံကိန်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို မဖြေရှင်းနိုင်သေးဘဲ ဒေသခံများမှာ ယနေ့ထိ ဆက်လက် ခံစားနေရဆဲ ဖြစ်သည်။ သို့သော်လည်း အစိုးရက အထူးစီးပွားရေးဇုန်အား မြန်ဆန်စွာ အကောင်အထည်ဖေါ်ရေးကိုသာ အဓိက လုပ်ဆောင်နေသည်ကို တွေ့ရသည်။ ဒေသခံများ အနေနှင့် တရားမျှတသော မြေယာလျော်ကြေးရရှိမှု နည်းပါးခြင်းနှင့် လုံးဝမရရှိခြင်း၊ မြေယာ၊ ဥယျာဉ်၊ သစ်တောဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ပျက်စီးခြင်း၊ ထိခိုက်နစ်နာသည့် ဒေသခံများအတွက် အစားထိုး လုပ်ငန်းများ ဆောင်ရွက်ပေးမှု မရှိခြင်း၊ ဒေသခံတို့၏ အခြေခံ လူ့အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရန်နှင့် ကုစားရန် တိကျသော အစီအစဉ်များ မရှိခြင်းနှင့် ကြုံတွေ့နေရသော ပြဿနာများအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း စသည့် ဖြစ်ရပ်များကို ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကြုံတွေ့ခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးစီမံကိန်းကြီးများ ဆောင်ရွက်ရာ၌ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု အားနည်းနေပြီး အဂတိလိုက်စားမှုနှင့် အခွင့်အရေး ချိုးဖောက်ခံရမှု များစွာ ဖြစ်ပေါ်ခဲ့သည်။ စီမံကိန်းအကောင်အထည် မဖော်မီကပင် မြေယာသိမ်းဆည်းမှု၊ ပြောင်းရွေ့နေရာချထားရေးစနစ် တိကျစွာ စီမံဆောင်ရွက်ရေး၊ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကြောင်း ဆုံးရှုံးမှု မရှိစေရန် အစိုးရအနေဖြင့် ကြိုတင်စီစဉ် ဆောင်ရွက်ပြီးမှသာ စီမံကိန်းအား အကောင်အထည်ဖော်သင့်သည်ဟုလည်း ဖော်ပြထားသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း တည်ဆောက်မည့်အပေါ် ဒေသခံ ကျေးရွာသူ/သားများ အနေဖြင့် များစွာ စိုးရိမ်မကင်း ဖြစ်ပေါ်နေကြောင်း ဆွေးနွေးသူများက ပြောကြားသည်။

အများဆုံး စိုးရိမ်ပူပန်မှုများမှာ မိရိုးဖလာယာဉ်ကျေးမှုအရ ပိုင်ဆိုင်လာသော မြေယာများ ဆုံးရှုံးခံလာရနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်၊ တောတောင်၊ မြစ် ချောင်း အင်း အိုင်နှင့် ဇီဝမျိုးကွဲများ ပျက်စီးခံရနိုင်ခြင်း၊ ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ မြေယာပိုင်ဆိုင်မှုကို အသိအမှတ်ပြုမခံရခြင်း၊ လက်ရှိ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးခံရနိုင်ခြင်း၊ အသစ်ဖြစ်ပေါ်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများတွင် အလုပ်ရရှိနိုင်သည့် အခွင့်အလမ်း နည်းပါးသည်ဟု ယုံကြည်ခြင်း၊ အမျိုးသမီးများ၏ဘဝ ရိုးရာဓလေ့နှင့် လုံခြုံမှုများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေများ ဖြစ်ပေါ်လာနိုင်ခြင်း၊ စက်မှုလုပ်ငန်းများကြောင့့် ပတ်ဝန်းကျင် ဒေသခံများ၏ ကျန်းမာရေးကို ဆိုးရွားစေနိုင်ခြင်း၊ ကျေးရွာများ ပြောင်းရွေ့ခံရခြင်း၊ ဘိုးစဉ်ဘောင်ဆက် ဓလေ့ရိုးရာ အတည်တကျ နေထိုင်လာခဲ့သော လူမှုပတ်ဝန်းကျင်များ ပျက်စီးမည်ကို စိုးရိမ်ပူပန်ခြင်းများ ဖြစ်နေကြသည်ဟု ဆိုသည်။

ဗဟိုချုပ်ကိုင်မှု လွန်ကဲသော စီမံကိန်း ဖြစ်သည့်အတွက် ကျောက်ဖြူ လူထုအကျိုးစီးပွား ဖြစ်ထွန်းမှု မရှိသည့်အပြင် ရခိုင်ပြည်သူလူထု အတွက် အကျိုးအမြတ်မရရှိနိုင်ခြင်း၊ ရခိုင်ပြည်သူလူထု လူနေမှုဘဝနှင့် သဘာဝ ပတ်ဝန်းကျင်ကို အကာအကွယ်ပေးနိုင်သည့် အာမခံချက် ရှိစေနိုင်သည့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ မရှိခြင်း စသည့် အချက်များစွာ ရှိနေသည်။

ထို့ကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် ပြင်ဆင်နေမှုအား ခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ရပ်တန့်ထားရန် လိုအပ်သည်ဟု ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ အလေးအနက် ယုံကြည်ထားကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။

အစီအရင်ခံစာ စာအုပ်မိတ်ဆက်ပွဲသို့ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီပွားရေး လုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် SEZ ဧရိယာမှ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း လူ(၁၀၀)ကျော်ခန့် တက်ရောက်ခဲ့သည်။

အစီအရင်ခံစာ စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ် ဖြန့်ဝေပေးခြင်းများကို ကျောက်ဖြူအထူး စီးပွားရေးဇုန်ဧရိယာရှိ ဒေသခံများကိုလည်း ထပ်မံပြုလုပ်သွားမည်ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...