NCA ၏အဓိက ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေးဟု ဗိုလ်ချုပ်ကြီးရာပြည့် ပြော

NCA ၏အဓိက ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေးဟု ဗိုလ်ချုပ်ကြီးရာပြည့် ပြော
by -
စိုးသူအောင်

NCA ၏အဓိက ရည်မှန်းချက်က ထာဝရငြိမ်းချမ်းရေးဖြစ်သည်ဟု JMC-U  ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြော ဆိုလိုက်သည်။

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ၁၃ ကြိမ်မြောက် ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ  (JMC-U) ၏ ပုံမှန်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ NCA ရဲ့အဓိက ရည်မှန်းချက်က ထာဝရငြိမ်းချမ်းရေး ဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်တွေ စွန့်လွှတ်ပြီးတော့မှ ဒီဘက်က ရွေးကောက်ပွဲလမ်းစဉ် တွေရောက်ရှိလာဖို့အတွက် နိုင်ငံရေးဆိုင်ရာ   တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာဆောင်ရွက်သွားဖို့ ပြောချင်ပါတယ် ။ ဒါကျွန်တော်တို့ရဲ့ အဓိကလမ်း စဉ်ဖြစ်ပါတယ် ”  ဟု ဗိုလ်ချုပ်ကြီးရာပြည့်က ဆိုသည်။

JMC-U ၏ ၁၃ ကြိမ်မြောက်အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် များ၏ နယ်မြေအတွင်း မိုင်းရှင်းလင်းရေးကိစ္စ၊ နော်ဝေနိုင်ငံနှင့် နီပေါနိုင်ငံများသို့ ငြိမ်းချမ်းရေးအတွက် လေ့လာရေးခရီးစဉ်ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

JMC သည် လက်နက်ကိုင်အဖွဲ့များ တစ်ဖက်နှင့် တစ်ဖက်အကြား တိုက်ပွဲများမဖြစ်စေရန် ညှိနှိုင်းပေးသည့် ကော်မတီ ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့မှ JMC-U ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးကလည်း “ဘယ် ငြိမ်းချမ်းရေးဖြစ်စဉ်မဆို တရားမျှတတဲ့ငြိမ်းချမ်းရေး ရရှိဖို့လိုပါတယ်”  ဟု အဖွင့်အမှာစကားတွင် ပြောဆိုသည်။

အပစ်ရပ်လက်မှတ် မထိုးသေးသည့်အဖွဲ့များကို NCA မှတစ်ဆင့် ငြိမ်းချမ်းရေးတွင် ပါဝင်လာနိုင်ဖို့ ဖိတ်ခေါ်ဆွေးနွေးလျှက်ရှိကြောင်း သိသည့်အတွက် အထူးဝမ်းသာကြောင်းလည်း ၄င်းက ပြောဆိုသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...