ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာယာတစ်ခုတည်းမှ ဟိုတယ်နှင့် စားသောက်ဆိုင်များကို လမ်းအကျယ်ချဲ့ရန် အတွက်ဟု ဆိုကာ မလွတ်သော နေရာများကို တစ်လအတွင်း ဖြိုဖျက်ရမည်ဟု မြို့နယ် တာဝန်ရှိသူများက အမိန့်ထုတ်ကာ ပိုင်ရှင်များကို အတင်းလက် မှတ်ရေးထိုးခိုင်းခဲ့သည်မှာ တရားမျှတမှု မရှိဟု သက်ဆိုင်သူများက ပြောသည်။
ငသိုင်းချောင်း- ဂွ၊ ဂွနှင့် သံတွဲလမ်းကို ရွာထဲတွင် ပေ ၁၀၀ နှင့် ရွာပြင်တွင် ပေ ၁၅၀ ထိ တိုးချဲ့ရန်စီစဉ်နေရာ ကမ်းသာယာမှ ဟိုတယ်နှင့် စားသောက် ရ ဆိုင်၏ ရှေ့မျက်နာစာများမှ မလွတ်သဖြင့် ဖြိုဖျက်ရမည်ဟု မြို့နယ် အာဏာပိုင်များက လက်မှတ်ရေးထိုး ခိုင်းခဲ့သည်ဟု ပိုင်ရှင်များက နိရဥ္စရာသို့ ပြောကြားသည်။
လက်မှတ်ရေးထိုးရန် ငြင်းဆန်သဖြင့် တရားစွဲမည်ဟု ခြိမ်းခြောက်ခံထားရသည့် ဟိုတယ်နှင့် စားသောက်ဆိုင်ပိုင်ရှင် ဦးစောသန်းက “ ငသိုင်းချောင်း- ဂွ၊ ဂွနဲ့ သံတွဲလမ်းကို အကျယ်ချဲ့မယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် အခုလို ချဲ့မယ်ဆိုရင် ဂွမြို့ထဲမှာကိုယ်တိုင် မလွတ်တဲ့ အဆောက်အဦးတွေ ရှိပါတယ်။ ဒါကို တစ်ခြားနေရာတွေမှာကျရင် မလွတ်တဲ့ နေရာတွေ ဖြိုရမယ်လို့ အမိန့်မထုတ်ဘဲ ကမ်းသာယာ တစ်ခုတည်းကိုဘဲ ဖြိုရမယ်ဆိုပြီး အမိန့်ထုတ်တယ်။ ဒါကို လက်မခံတဲ့ အတွက် ကျွန်တော်က လက်မှတ်မထိုးတာပါ။ ဖြိုရမယ်ဆိုရင် အားလုံးကို ဖြိုခိုင်းပါ။ ကျွန်တော်တို့လည်း ဖြိုပါမယ်။ အခု ကမ်းသာယာ တစ်ခုတည်းကို ကွက်ပြီး လုပ်တာ လက်မခံနိုင်ပါ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
စားသောက်ဆိုင်ခန်းများနှင့် ဟိုတယ်များ၏ မလွတ်သော နေရာများကို ဖြိုဖျက်ရန် ကိစ္စနှင့် ပတ်သက်ပြီး ကမ်းသာယာရှိ ပိုင်ရှင်များ၊ ဒေသခံများကို တစ်စုံတစ်ရာ ခေါ်ယူညှိနိုင်းခြင်း မရှိဘဲ ချက်ချင်း အမိန့်ထုတ်ကာ ဖြိုဖျက်ရန် ခိုင်းခဲ့သည်ဟုလည်း သူက ဆိုသည်။
“ ဒီကိစ္စ ပြည်သူတွေနဲ့တစ်စုံတစ်ရာ နှီးနှော တိုင်ပင်တာ မရှိဘူး။ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ၉ ဦးပါ ကော်မတီကို ဖွဲ့ပြီး ကမ်းသာယာလေးတစ်ခုကို ကွက်ပြီးတော့ လုပ်လာပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် ကျွန်တော်တို့ဘက်က အများကြီးနစ်နာပါတယ်။ ဒါကြောင့် လမ်းအဖွဲ့ကို ကြည့်ရှုစဉ်းစားပေးပါလို့ ကျွန်တော်တို့အနေနဲ့တောင်းဆိုပါတယ်။ အဲ့လိုတောင်းဆိုတဲ့အခါမှာ သူတို့က ခင်ဗျားတို့ဖျက်ကိုဖျက်ပေးရမယ်။ ဒီလို ပြောတဲ့အခါ ကျွန်တော်က ငြင်းလိုက်ပေမယ့် ကျန်တဲ့ ဆိုင် (၆) ဆိုင်က ကြောက်ပြီး လက်မှတ်ထိုးပေးလိုက်ပါတယ်” ဟု ဦးစောသန်းက ပြောဆိုသည်။
လက်မှတ်ထိုးပေးလိုက်ရသည့် စားသောက်ပိုင်ရှင် ဦးအေးကိုအား ဆက်သွယ်မေးမြန်းရာ သူက “ ကျွန်တော်တို့လက်မှတ်ထိုးပေး လိုက်ရတာက ၁၀ ရက် ၁၂ ရက် လောက်တော့ ရှိပြီဗျ။ ဒီလမ်းမြေနဲ့ မလွတ်တဲ့အတွက် တစ်လအတွင်းအပြီးဖျက်ပေးပေါ့။ မြေမလွတ်တဲ့နေရာ ရှေ့မျက်နာစာကိုပေါ့။ မဖျက်ရင် ဥပဒေ အရအရေးယူမယ်ပေါ့။ သူတို့ပေးတဲ့စာရွက်မှာပါပြီးသား။ သူတို့ပြောလို့ထိုးရတာပေါ့။ ဒါကတော့ ကျွန်တော်တို့က ဘယ်ထိုးချင်မလဲ။ ကြောက်လို့ ထိုးရတာပေါ့” ဟု ပြောဆိုသည်။
ယခုလမ်းမလွတ်၍ ဖြိုဖျက်ရမည့် မြေနေရာမှာ ဘိုးဘွားပိုင်မြေဖြစ်ပြီး ပိုင်ဆိုင်မှု မြေစာရင်း ပြေစာလည်း ရှိကြောင်း၊ ၎င်းမြေနေရာ အတွက်လည်း လျော်ကြေး တစ်စုံတစ်ရာ ပေးမည်ဟု ပြောဆိုခြင်းလည်း မရှိကြောင်း သူက ပြောသည်။
ရေလိူင်းပြာ တည်းခိုခန်းနှင့် စားသောက်ဆိုင်ပိုင်ရှင် ဦးမြတ်ကိုကလည်း “ လမ်းနဲ့ပေ ရ၅ ပေ လမ်းနဲ့မလွတ်တော့ သူတို့ကဒါတွေ ကိုဖျက်ခိုင်းတာပေါ့။ ဒီရှေ့ကအဆောင်ရယ်၊ ဟိုဘက် တည်းခိုခန်းက နည်းနည်းပေါ့ အမိုးစွန်းဖျက်ခိုင်းတယ်။ ဒီနေရာတွေက ဘိုးဘွားပိုင် ဥယျာဉ်ခြံမြေ ဖြစ်ပါတယ်။ သူများတွေလည်း လက်မှတ်ထိုးပေးလိုက်ပြီ ဆိုလို့ ကျွန်တော်လည်း ကြောက်ပြီး ထိုးပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့စားသောက်ဆိုင်ရော၊ တည်းခိုခန်းရော တောင်စောင်းမှာ ဆောက်ထားတဲ့ အတွက် အခုလို ဖြိုခိုင်းတော့ တောင်မြေပြိုပြီး ပျက်စီးသွားနိုင်တဲ့ အနေအထားမှာ ရောက်နေပါတယ်” ဟု ပြောကြားသည်။
ဂွမြို့နယ် အုပ်ချုပ်ရေးမှူးမှ ၂၀၁၇ စက်တင်ဘာလ ၂၇ ရက်နေ့က စာအမှတ် ၅/၄၁-၆/ ဦး(၂၀၁၇)ဖြင့် ဦးထွန်းရွှေ၊ ဦးစီးအရာရှိ၊ လမ်းဦးစီးဌာန ဂွမြို့နယ်အား အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ပေးပြီး ကျူးကျော် အဆောက်အဦများအား ဥပဒေနှင့် အညီ ဖယ်ရှားရန် အဖွဲ့ဝင် ၉ ဦးပါ အဖွဲ့တစ်ခုကို တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
ယခု ကမ်းသာယာတွင် ဖြစ်ပေါ်နေသော ပြဿနာနှင့် ပတ်သက်ပြီး ဂွမြို့နယ် အုပ်ချုပ်ရေးမှူးသို့နိရဥ္စရာ သတင်းဌာနမှ နိုဝင်ဘာလ ၁၅ ရက်နေ့က ဆက်သွယ် မေးမြန်းရာ သူက “ ဒါက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ လုပ်တာ ဖြစ်တယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို သွားမေးပါ။ ကျွန်တော်တို့က ဒါတွေကို ပြည်နယ် အစိုးရရဲ့ ညွှန်ကြားချက်အရ လုပ်တာ ဖြစ်တယ်။ ကမ်းသာယာ တစ်ခုတည်းကို လုပ်တယ်ဆိုတာက သူက ဟိုတယ်ဇုန်ထဲမှာ ပါနေတာတွေလည်း ရှိတယ်လေ” ဟု ပြောကြားသည်။
ငသိုင်းချောင်း- ဂွ၊ ဂွ- သံတွဲလမ်းကို ရွာထဲတွင် ပေ ၁၀၀၊ ရွာပြင်တွင် ပေ ၁၅၀ ထိတိုးချဲ့မည် ဆိုပါက လမ်းဗဟိုမှ ၁၀ ပေ၊ ၂၀ ပေသာ ဝေးသော အိမ်များရှိသည့် ကျေးရွာ ၂၀ ခန့်အနေဖြင့် လွတ်နိုင်မည် မဟုတ်ဘဲ ဖြိုဖျက် ရွှေ့ပြောင်းရမည့် အနေအထားတွင် ရှိနေကြောင်း၊ လမ်းကို တိုးချဲ့မည်ဆိုပါကလည်း ဒေသခံ ပြည်သူများနှင့် တိုင်ပင်ညှိနိုင်ပြီး တစ်ပြေးညီ ဆောင်ရွက်သင့်ကြောင်း ဦးစောသန်းက ပြောကြားသည်။







