မော်တော်ဆိုင်ကယ်လိုင်စင် စျေးနုန်းသက်သာစွာဖြင့် ပြုလုပ်ပေးရန် ကျောက်ဖြူတွင် ဆန္ဒဖော်ထုတ်တောင်းဆို

မော်တော်ဆိုင်ကယ်လိုင်စင် စျေးနုန်းသက်သာစွာဖြင့် ပြုလုပ်ပေးရန် ကျောက်ဖြူတွင် ဆန္ဒဖော်ထုတ်တောင်းဆို
by -
ကျော်ဝင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မော်တော်ဆိုင်ကယ်များအား စျေးနုန်းသက်သာစွာဖြင့် လိုင်စင်ပြုလုပ်ပေးရန် ဆိုင်ကယ်စီးသူများနှင့် ဘေးတွဲဆိုင်ကယ်သမား ၁၀၀ ခန့်က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

၎င်းဆန္ဒဖော်ထုတ် တောင်းဆိုပွဲကို နိုဝင်ဘာ ၁၁ ရက် နေ့လယ် တစ်နာရီ မိနစ် ၃၀ တွင် စတင်ပြုလုပ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများသည် ဆိုင်ကယ်လိုင်စင်စျေးနုန်းလျှော့ချပေးရေး- ဒို့အရေး၊ ဆိုင်ကယ်လိုင်စင် စျေးနုန်း လျှော့ချ ပေးရေးအတွက် ပြည်နယ်အစိုးရမှ စီမံဆောင်ရွက်ပေးရေး- ဒို့အရေး၊ သက်သာသော စျေးနုန်းဖြင့် လိုင်စင်ရရှိရေး- ဒို့အရေး စာသားပါ ပိုစာများကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကျောက်ဖြူမြို့ နာရီစင်ကွင်းမှ စတင်ကာ စျေးလမ်း၊ ကမ်းနားလမ်းနှင့် ဗိုလ်ငမောက်လမ်းအတိုင်း ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နာရီစင်ကွင်းတွင် ဆန္ဒဖော်ထုတ်ပွဲကို အဆုံးသတ်ခဲ့သည်။

မော်တော်ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ရန် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တစ်စီးကို ထုတ်လုပ်သည့် ခုနှစ်အလိုက် အနိမ့်ဆုံးစျေး ကျပ်ငွေ(၆၀၂၅၀)မှ ကျပ်(၁၆၀၆၅၀)အထိ နှင့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တစ်စီးကို အနိမ့်ဆုံး ကျပ်(၉၃၂၅၀)မှ ကျပ်(၃၃၅၆၅၀)အထိ ပေးသွင်း ရမည်ဟု ကြော်ငြာထားသည်။

“ အခု လိုင်းစင်ကြေးက အရမ်းများတဲ့ အတွက် သတ်မှတ်ထားတဲ့ လိုင်စင်ကြေးကို လျော့ပေးဖို့တောင်းဆို ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်။ အခုလိုမျိုး လိုင်စင်ကြေးကို အဆမတန် သတ်မှတ်တဲ့အတွက် သာမန်ပြည်သူလူထုအနေနဲ့ လိုင်စင်လုပ်ဖို့ အခက်အခဲရှိနေတဲ့ အတွက် သက်ဆိုင်ရာကနေ ပြန်စဉ်းစားပေးဖို့ တောင်းဆိုပါတယ်” ဟု ဦးဆောင်သူ ဦးဇာနည်ဘော် ကပြောသည်။

ရခိုင်ပြည်နယ်တွင်းရှိ တရားမဝင် ဝင်ရောက်လာသော လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားရေးမှူးဦးစီးဌာနသို့ ညွန်ကြားထားကြောင်းသိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံး(စစ်တွေ)မှ နယ်လှည့် စစ်ဆေးရေး အဖွဲ့သည် ကျောက်ဖြူတွင် နိုဝင်ဘာ(၁၃)ရက်နေ့မှ (၁၇)ရက်ထိ၊ အမ်းတွင် နိုဝင်ဘာ(၁၉)ရက်နေ့မှ (၂၁)ရက်ထိ၊ သံတွဲတွင် ဒီဇင်ဘာ(၅)ရက်နေ့မှ (၉)ရက်ထိ၊ မာန်အောင်တွင် ဒီဇင်ဘာ(၁၂)ရက်နေ့မှ (၁၄)ရက်ထိ၊ မြောက်ဦးတွင် ဒီဇင်ဘာ(၂၀)ရက်နေ့မှ (၂၄)ရက်ထိ ယာဉ်လိုင်စင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...