ရခိုင်မျိုးစောင့်အဖွဲ့၏ ဒေသမစွန့်ခွာရေး စီမံကိန်းသို့ မြို့နယ် ၄ခုမှ ပြည်သူများ လာရောက်ပူးပေါင်း

ရခိုင်မျိုးစောင့်အဖွဲ့၏ ဒေသမစွန့်ခွာရေး စီမံကိန်းသို့ မြို့နယ် ၄ခုမှ ပြည်သူများ လာရောက်ပူးပေါင်း
by -
စံမောင်သန်း

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ရခိုင်မျိုးစောင့်အဖွဲ့ ARG ၏ ရခိုင်တိုင်းရင်းသားများ ဒေသမစွန့်ခွာရေး စီမံကိန်းသို့ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များမှ ပြည်သူများလာရောက် ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်ဟု သတင်းရရှိသည်။

“လောလောဆယ်မှာ ကျောက်တော်မြို့နယ်က ၄ ယောက်၊ ပေါက်တောမြို့နယ်က ၄ ယောက်၊ ရသေ့တောင်မြို့နယ်က တစ်ယောက်နဲ့ ဒေသခံမောင်တောမြို့နယ်က တစ်ယောက်တို့ဟာ ရခိုင်မျိုးစောင့်အဖွဲ့ရဲ့ စီမံကိန်းမှာ လာရောက်ပူးပေါင်းအကောင်အထည်ဖေါ်ပေးနေပါတယ်”ဟု ARG မောင်တောဒေသစီမံကိန်း၏ စည်းရုံးရေးမှူး ဦးစောလွင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ARG စီမံကိန်းတွင် လာရောက်ပူးပေါင်း လုပ်ကိုင်သူများအနေဖြင့် ARG အဖွဲ့ဝင်များနှင့် အတူနေ၊ အတူစား၊ အတူ ၀ိုင်းဝန်းလုပ်ကိုင်ကြရပြီး လူတစ်ဦးလျှင် တစ်သိန်းကျပ်စီ ထောက်ပံ့ပေးသည့် အပြင် ကျန်းမာရေးအတွက်ပါ အပြည့်အဝတာဝန်ယူ စောင့်ရှောက်ပေးထားသည်ဟု သိရသည်။

“အပြင်အလုပ်အကိုင်တွေ ပေါ်လာတယ်ဆိုရင် လစာနဲ့မဆိုင်ဘဲနဲ့ အပြင်ကရတဲ့ငွေတွေကိုလည်း သွားရောက် လုပ်ကိုင်သူတွေကိုပဲ ခံစားခွင့်ပေးထားပါတယ်။ အခုဆိုရင် စပါးရိတ်သိမ်းကာလမှာ စပါးရိတ်အလုပ်တွေကို သွားရောက် လုပ်ကိုင်နေကြပါပြီ”ဟု ဦးစောလွင်က ပြောသည်။

ARG လုပ်ငန်းသည် သက်သောင့်သက်သာရှိပြီး လာရောက်ပူးပေါင်း လုပ်ကိုင်နေကြသူများ အနေဖြင့် လစဉ် ငွေစုနိုင်သည်ဟု သိရသည်။

“လက်ရှိ ဒီမှာနေရတာ အဆင်ပြေပါတယ်၊ အလုပ်အကိုင်လည်း ကောင်းပါတယ်။ ရွာမှာနေခဲ့တုန်းကတော့ တံငှာအလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ တစ်လကို ၂ သိန်းကျပ်လောက် ဝင်ငွေရရှိခဲ့ပေမယ့် မိသားစု စားဝတ်နေရေးအတွက် မလုံလောက်ခဲ့ပါဘူး။ ဒီမှာလုပ်ရတာ သက်သာပြီးတော့ စားစရိတ်ငြိမ်း တစ်လကို ငွေ တစ်သိန်းကျပ်စီ ထောက်ပံ့ပေးထားတဲ့အတွက် ငွေကို လတိုင်းစုနိုင်ပါတယ်”ဟု ပေါက်တောမြို့နယ် ငရှီချိုင်ကျေးရွာမှ လာရောက်လုပ်ကိုင်သူ ဦးအေးမောင်က ပြောသည်။

ကျောက်တော်မြို့နယ်တွင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့စဉ်က ARG တွင် လုပ်ကိုင် ရသည်လောက် ဝင်ငွေမကောင်းဟု ကျောက်တော်မြို့နယ်မှ ARG လုပ်ငန်းတွင် ဝင်ရောက်ပူးပေါင်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ရွာမှာနေတုန်းက လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။ ဒီမှာလုပ်ရတာက ဝင်ငွေအပြင် အမျိုးသားရေး အခန်းကဏ္ဍလည်း ပါပါတယ်။ နေရပ်မစွန့်ခွာရေးဆိုတဲ့ ရည်ရွယ်ချက်က ကောင်းတဲ့အတွက် ဝင်ကူတဲ့သဘောလည်း ပါသလို ကိုယ့်အတွက်လည်း အကျိုးရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်”ဟု ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ ဦးညွန့်မောင်က ပြောသည်။

ARG ၏ ဆောင်ပုဒ်မှာ စုပေါင်းနေထိုင်၊ စုပေါင်းလုပ်ကိုင်၊ စုပေါင်းရင်ဆိုင်ဖြစ်ပြီး ယခုလက်ရှိတွင် မောင်တောဒေသတွင် ARG အနေဖြင့် ရိတ်သိမ်းခြွေလှည့်စက် တစ်လုံး၊ ရိတ်သိမ်းစက် ၂၀ လုံးနှင့် ခြွေလှည့်စက် ၁၀ လုံးဖြင့် လယ်ယာလုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရသည်။

 

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...