ဒုတိယသမ္မတ ဦးဟင်နရီဘန်ထီးယူသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ဆောင်ရွက်ရန် ကျောက်ဖြူမြို့သို့ နိုဝင်ဘာ၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် လေယာဉ်ဖြင့် ရောက်ရှိလာသည်။
ဒုသမ္မတနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီ ၅၀ မိနစ် ခန့်တွင် တရုတ် ရေနံတင် သင်္ဘောဆိပ်ကမ်းရှိရာ မဒဲကျွန်းတွင် ကျာက်ဖြူအထူးစီးပွားရေးဇုန်အတွက် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့်နေရာသို့ ကြည်ရှုရန် မလိခအမြန်ယာဉ်ဖြင့် ထွက်ခွာသွားသည်။
မဒဲကျွန်းမှ အပြန်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ပထမဆုံး အကောင်အထည်ဖော်ရန် သတ်မှတ်ထားသည့် ကျောက်ဖြူမြို့နယ်၊ ကန္ဒီးကျေးရွာအုပ်စုအနီးတွင်တည်ရ မြေဧက (၂၅၀)နေရာသို့လည်း သွားရောက်မည်ဟု သတင်းရရှိသည်။
ဒုသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသန်းမြင့် ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင် တို့လိုက်ပါလာကြသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဌ ဒေါက်တာဦးမောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး အချို့လည်း ကျောက်ဖြူတွင် ရောက်ရှိနေကြပြီး ဒုသမ္မတနှင့် ခရီးစဉ်နှင့် အတူ လိုက်ပါသွားကြသည်ဟု သိရသည်။







