ကျောက်ဖြူလယ်သမားတွေက ဒုသမ္မတထံ SEZ နှင့် ပတ်သက်ပြီး အချက် (၈) ချက်တောင်းဆို

ကျောက်ဖြူလယ်သမားတွေက ဒုသမ္မတထံ SEZ နှင့် ပတ်သက်ပြီး အချက် (၈) ချက်တောင်းဆို

ရခိုင်ပြည်နယ် ကျောက်ဖြူသို့ နိုဝင်ဘာ ၄ ရက်နေ့က ရောက်ရှိလာခဲ့သည့် နိုင်ငံတော် ဒုသမ္မတ ဟင်နရီဘန်ထီယူထံ ကျောက်ဖြူမြို့နယ်မှ လယ်သမားများက အချက် (၈) ချက်ကို တောင်းဆိုခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၄ နာရီကျော်က ကျောက်ဖြူ လေဆိပ် ဧည့်ခန်းဆောင်တွင် ဒုသမ္မတနှင့် တွေ့ဆုံ တင်ပြခွင့်ရစဉ် အထူးစီးပွားရေးဇုန် ( SEZ) ပတ်သက်ပြီး ထိုသို့ အချက် (၈) ချက်ကို တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု လယ်သမားကိုယ်စားလှယ် ဦးမောင်သိန်းတန်က ပြောသည်။

“ ကျွန်တော်တို့ လယ်သမားတွေအားလုံးရဲ့ ကိုယ်စား လယ်သမား ၅ ဦးတွေ့ခွင့်ရပါတယ်။ ကျွန်တော်တို့ တင်ပြတာက လယ်မြေသစ်တွေ ဖော်ထုတ်ပေးရေး၊ ဓါးမဦးချလုပ်လာတဲ့ လယ်မြေတွေ၊ ဥယျာဉ်ခြံတွေကို တရားဝင်ဖြစ်စေရေး၊ အထူးစီးပွားရေး ဇုန်တည်ဆောက်မယ့် နေရာထဲမှာ ပါသွားတဲ့ ရွာတွေကို ရွှေ့ပြောင်းပြီး ပြန်လည် တည်ဆောက်တဲ့အခါ နဂို အဆင့်အတန်း မနိမ်ကျတဲ့ အိမ်တွေကို တည်ဆောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်” ဟု ဦးမောင်သိန်းတန်က ဆက်လက်လက် ပြောကြားသည်။

သိမ်းဆည်းခံရမည့် လယ်မြေများနှင့် ပတ်သက်ပြီး လယ်တစ်ဧက ကျပ်သိန်း ၉၀၀၊ ဥယျာဉ်ခြံမြေ တစ်ဧကကို ကျပ်သိန်း ရ၀၀ နှင့် စားကျက်မြေ တစ်ဧကကို ကျပ်သိန်း ၅၀၀ စီ တောင်းဆို ခဲ့့သည်ဟု သူက ဆိုသည်။

“ ဒုသမ္မတက ဘာစကားမှ မပြောပါဘူး။ ကျွန်တော်တို့ တင်ပြတဲ့စာကိုဘဲ သူ့က ကြည့်တယ်။ အချိန်လည်း သိပ်မရဘူး။ သူတို့ကလည်း အချိန်သိပ်မရတဲ့ အတွက် လိုရင်းတင်ပြပါဆိုလို့ ကျွန်တော်တို့လည်း သိပ်တင်ပြခွင့်မရလိုက်ဘူး။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုကတော့ ခင်ဗျားတို့ တင်ပြတာတွေကို မဖြစ်ဖြစ်အောင်လုပ်ပေးမယ်။ ဘာမှ မကြောင့်ကြနဲ့လို့တော့ ပြောပါတယ်” ဟု ဦးမောင်သိန်းတန်က ပြောသည်။

ဒုသမ္မတနှင့် တွေ့ဆုံခဲ့သည့် လယ်သမား ကိုယ်စားလှယ် ၅ ဦးမှာ ဦးသိန်းတန်၊ ဦးကျန်လူ၊ ဦးစောမောင်နု၊ ဦးထွန်းဦးနှင့် ကိုလှသိန်းတို့ ဖြစ်ကြသည်။

ယခင်က အထူးစီးပွားရေးဇုန်အတွက် လယ်မြေဧက ၄၂၈၀ သိမ်းယူရန် စီစဉ်ခဲ့သော်လည်း ယခု စတင်တည်ဆောက်ချိန်တွင် ဧက ၂၅၀ ကို သိမ်းယူမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။

သို့သော်လည်း ယခု ကျောက်ဖြူတွင် တည်ဆောက်မည့် စီးပွာရေးဇုန် အပါအဝင် ရခိုင်တွင် ပြုလုပ်မည့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံများကို လောလောဆယ်တွင် ရပ်ဆိုင်းထားရန် မာန်အောင်တွင် ပြုလုပ်သည့် ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက် အစည်းအဝေးကလည်းတောင်းဆိုထားသည်။

နိုင်ငံတော် ဒုသမ္မတ ဘန်ထီယူ၏ ကျောက်ဖြူခရီးသည် နေ့ချင်းပြန်ုဖြစ်ပြီး သူ၏ ကျောက်ဖြူ ခရီးစဉ်အတွင်း မဒဲကျွန်း တရုတ်ရေနံတင်ဆိပ်ကမ်း၊ အသစ်တည်ဆောက်မယ့် ရေနက် ဆိပ်ကမ်းနေရာ၊ မလကျွန်းမှာရှိ ဓာတ်ငွေသန့်စင်စက်ရုံနှင့် SEZ စီးပွားရေးဇုန် တည်ဆောက်မည့် နေရာများကို သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...