ဘင်္ဂလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ကြောက်လန့်စိုးရိမ်ပြီး နေရပ်ဒေသကို စွန့်ခွာလာခဲ့ကြသည့် မောင်တောမြို့နယ်မှ ရခိုင် မိသားစု ၁၇ စု၊ လူဦးရေ ရ၀ ကျော်သည် နေရပ်ရင်းသို့ မပြန်တော့ဘဲ မြေပုံမြို့နယ်တွင် ယာယီတဲများ ဆောက်လုပ်ကာ အခြေချနေထိုင်ရန် စီစဉ်နေစဉ် အာဏာပိုင်များမှ တဲများကို ဖြိုဖျက်ရန် ပြောလာသဖြင့် ယခုအခါ နေထိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သတင်းရရှိသည်။
၎င်းမိသားစုများမှာ မောင်တောမြို့နယ် ကင်းချောင်းကျေးရွာနှင့် ပြားသားကျေးရွာမှ ဖြစ်ကြပြီး သြဂုတ် ၂၅ ရက်နေ့က ဘင်္ဂလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ် စွန့်ခွာ လာခဲ့ကြသူများ ဖြစ်ကြသည်။
“ မြေပုံမြို့နယ် မီးကျောင်းတက်ကျေးရွာအနီး ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းမ အရှေ့ဘက်ကွင်းပြင်မှာ နေထိုင်ဖို့ ယာယီတဲတွေ ဆောက်လုပ်ပါတယ်။ ဒါကို လမ်းဧရိယာနဲ့ မလွတ်လို့ ဆိုပြီး ဆောက်လုပ်ရေးဌာနကနေ လားရောက်တားမြစ်ပြီး နိုဝင်ဘာ နှစ်ရက်အတွင်း ဖြိုဖျက် ပေးရမယ်ဆိုပြီး ပြောဆိုထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရပ်တည်နေထိုင်ရေး အခက်အခဲ ဖြစ်နေတာပါ” ဟု ပြောင်းရွှေ့လာသူ မောင်တောမြို့နယ် ကင်းချောင်းကျေးရွာသား ဦးဘမောင်က နိရဥ္စရာသို့ ပြောသည်။
အဆိုပါ ကျေးရွာသားများသည် ၂၀၁၂မှ ၂၀၁၇ ခုနှစ် ၅နှစ်တာ ကာလအတွင်း ၃ ကြိမ်မြောက် ထွက်ပြေးခဲ့ကြရသူများ ဖြစ်သဖြင့် ယခုတစ်ကြိမ်တွင် မောင်တောမြို့နယ်သို့ မပြန်လိုဘဲ ရခိုင်အများစု နေထိုင်သည့် မြေပုံမြို့နယ်တွင် အခြေချနေထိုင်ရန် လိုလားနေကြသူများ ဖြစ်ကြသည်။
“အဲဒီမောင်တောနယ်မှာက ဘင်္ဂါလီတွေနဲ့ မကြာခဏ ပြဿနာဖြစ်တဲ့အတွက် မပြန်ချင်တော့ဘူး။ သုံးကြိ်မ် တိတိ ထွက်ပြေးလာခဲ့ရပါပြီ။ အခုလည်း အစိုးရက ဘင်္ဂလီတွေကို ပြန်သွင်းမယ်၊ သူတို့ ပြန်လာမယ်ဆိုရင် နောက်ထပ်လည်း ရခိုင်တွေ ထွက်ပြေးရမယ်။ ဒါကြောင့် ကျွန်မတို့က နောက်လည်း ထွက်ပြေးရမယ့် အတူတူ ဒီမှာပဲ နေထိုင်တာက ပိုကောင်းမယ်ဆိုပြီး အိမ်ဆောက် နေကြတာ ဖြစ်ပါတယ်။ ဒါကို မဆောက်ရဘူးလို့ လာတားနေပါတယ်။ ကျွန်မတို့ကတော့ မောင်တောနယ်ကို လုံးဝ မပြန်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်” ဟု အကြမ်းဖက် ဘေးမှ ထွက်ပြေး တိမ်းရှောင်လာသူ ဒေါ်မမြတင်က ပြောသည်။
ယခု တဲထိုးပြီး နေထိုင်သူ မိသားစု ၁၇ စု၊ လူဦးရေ ရဝ ကျော် တွင် အရွယ်မရောက်သေးသည့် ကလေးငယ် ၃ဝ ခန့် ပါဝင်ကြောင်း သိရသည်။
“ကျနော်တို့က ကုလားရန်ကိုကြောက်ပြီးပြေးလာတာပါ။ အခုဒီမှာကလည်း လမ်းနဲ့ နီးတယ် ဆိုပြီးတော့ ဆောက်လုပ်ရေးက ဒီလ ၂ ရက်နေ့မှာ အိမ်တွေကို ပြန်ဖြိုပေးရမယ် ဆိုပြီးတော့ လာပြောပါတယ်။ ဖြစ်နိုင်ရင်လောလောဆယ်နေခွင့်ပေးဖို့တောင်းဆိုချင်ပါတယ်။ သူများဆီကနေ မြေငှားနေဖို့အတွက်လည်း ကျွန်တော်တို့မှာက ငွေလည်းမရှိတော့ တော်တော်လေး အခက်အခဲ ရှိနေပါတယ် ”ဟု ဦးဘမောင်က သူတို့အခက်အခဲ ရှိနေကြောင်းကို ရှင်းပြပြောဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော-ဘူးသီးတောင် ဒေသတွင် ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်က ရဲကင်းစခန်းပေါင်း ၃ဝ ကျော် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဒေသခံရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ ကိုပါ ဘင်္ဂလီ အကြမ်းဖက်သမားများမှ တိုက်ခိုက် သတ်ဖြတ်သဖြင့် အဆိုပါဒေသတွင် နေထိုင်သူ ရခိုင်မျိုးနွယ်စု အများအပြားသည် ကြောက်လန့်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအပြားသို့ုိ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ယခုအခါ အစိုးရမှ သူတို့အား နေရပ်ရင်းဒေသများသို့ ပို့ဆောင်နေပြီ ဖြစ်သော်လည်း တစ်ချို့မှာ လုံခြုံရေး စိတ်မချသဖြင့်မောင်တောသို့ မပြန်လိုကြဘဲ ဖြစ်နေကြသည်ဟု သိရသည်။







