မဒဲကျွန်းတွင် CNPC ၏ ရေးပေးဝေရေစနစ်မှာ သန့်ရှင်းမှုမရှိ၍ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ပြန်လည်ပြုပြင်မည်

မဒဲကျွန်းတွင် CNPC ၏ ရေးပေးဝေရေစနစ်မှာ သန့်ရှင်းမှုမရှိ၍ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ပြန်လည်ပြုပြင်မည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းတွင် CNPC တရုတ်ကုမ္ပဏီမှ ဒေသခံ ကျေးရွာသားများ အသုံးပြုရန်အတွက် ပြုလုပ်သော ပေးထားသော ရေပေးဝေရေးစနစ်မှာ ဆက်လက် အသုံးပြုရန် အဆင်ပြေမှု မရှိသောကြောင့် နိုင်ငံတော်ထောက်ပ့ံငွေဖြင့် ပြုပြင်သွားမည်ဟု သတင်းရရှိသည်။

သန့်ှရှင်းသော ရေရရှိရေးအတွက် ၂၀၁၇-၂၀၁၈ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်ထောက်ပံ့ ခွင့်ပြုငွေ (၂၂.၇၆)သန်းဖြင့် ပြုပြင်သွားမည်ဟု ကျောက်ဖြူခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးစောထွန်း ကပြောသည်။

‘‘ CNPC က လုပ်ထားတဲ့ ရေကန်က တောင်ပေါ်မှာရှိတဲ့ ရေပေးစင်ကို တိုက်ရိုက် ရေတင်တဲ့အခါ အမှိုက်တွေ အနယ်တွေ ပါလာတယ်။ ရေကန်ကနေ ရေစင်ကို မရောက်ခင် ကြားထဲမှာ (Filtrartion Tank) ရေစစ်ကန် တစ်ခုကို လုပ်ဖို့ရှိပါတယ်။ ရွာထဲမှာရှိတဲ့ ရေစင်တွေမှာ တိုင်တွေ ကျိုးနေတာတွေ၊ အခေါင်မိုးပျက်စီးနေတာတွေကို ပြန်လည်ပြုပြင်ဖို့ အစီအစဉ်ပါတယ်။ ပိုက်လိုင်းကို ပြန်လည် လဲဖို့ အစီအစဉ်တော့ မပါဘူး’’ဟု သူကပြောသည်။

ကျောက်ဖြူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် အောက်တိုဘာလ(၂၈)ရက်နေ့က မဒဲကျွန်းတွင် CNPC တရုတ်ကုမ္ပဏီမှ ပြုလုပ်ထားသော ရေပေးဝေရေးစနစ်ကို သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။

၎င်းရေပေးဝေးရေးစနစ်မှာ သံပိုက်လုံးဖြင့် သွယ်တန်းပေးထား၍ ရေတွင် သံချေးအများအပြားပါ၀င် လာကြောင့် အသုံးပြု၍ အဆင်မပြေဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း မဒဲကျွန်း ဒေသခံတွေက ပြောသည်။

‘‘ သံပိုက်လုံးကို အသစ် မလှဲဘဲနဲ့တော့ ထူးခြားမယ် မထင်ဘူး။ အဓိက သံပိုက်လုံးကြောင့် ဖြစ်နေတာပါ။ ပထမဆုံး ဒီကိစ္စကို လုပ်ဖို့ ဆွေးနွေးကတည်းက ဖိုင်ဘာပိုက်နဲ့ သွယ်ပေးဖို့ တောင်းဆိုခဲ့တယ်။ သူတို့က မတတ်နိုင်ဘူးဆိုပြီး သံပိုက်လုံးနဲ့ပေးတယ်။ ကန်ထဲမှာ ချထားတဲ့ ရေပိုက်မှာလည်း မြေနဲ့နီးကပ်တဲ့အတွက် တောင်ပေါ်မှကျလာတဲ့ အမှိုက်နဲ့ ဖက်ပုပ်တွေပါ ရေနဲ့ အတူပါလာတယ်။ တစ်နှစ်လောက်ပဲ အကောင်းသုံးလိုက်ရတယ်’’ဟု ကိုမောင်မြင့်စိုး ကပြောသည်။

သံပိုက်လုံးဖြင့် သွယ်တန်းပေးထားသောရေကို အသုံးပြု၍မရသည့်အတွက် ကျေးရွာသားများ ကိုယ်ထူကိုယ်ထ တူးဖော်ထားသော ရေကန်တွင်သာ ခပ်၍ သောက်သုံး နေရကြောင်းဒေသခံတွေကပြောသည်။

‘‘CNPC က ပိုက်လိုင်းသွယ်ပြီးတဲ့ နောက်ပိုင်း ရွာသားတွေ ရေအဆင်ပြေပြေ တစ်နှစ်လောက်ပဲ သုံးလိုက်ရတယ်။ နောက်ပိုင်းမှာ သံချေးတွေပါလာတယ်။ ရေကန်ကို ဆေးလိုက်ရင်တော့ ရှားရှားပါးပါး တစ်ခါတစ်လေ ရေအကောင်းရတယ်။ အခုဆိုရင် သောက်လို့ရဖို့ကို မပြောနဲ့။ အကျင်္ ီလျှော်လို့တောင်မရတော့ဘူး။ အကျင်္ ီအဖြူကို အဲဒီ ရေနဲ့ လျှော်မိရင်တော့ အရောင်ပါ ပြောင်းသွားတယ်။ သူတို့ပေးထားတဲ့ရေက ပြောရမယ်ဆိုရင် ချောင်းကလာရင် ခြေထောက်မှာပါလာတဲ့ ရွှံ့တွေကိုပဲ ဆေးလို့ရတဲ့အဆင့်လောက်ပဲဖြစ်သွားပြီ’’ဟု မဒဲကျွန်းဒေသခံ ကိုမောင်မြင့်စိုး ကပြောသည်။

မဒဲကျွန်းရှိ ရွာမ၊ ပြိန်နှင့် ကျောက်တန်း စသည့် ကျေးရွာများကို ၂၀၁၃ခုနှစ်တွင် စတင်ကာ သံပိုက်လုံးဖြင့်ရေပေးခဲ့ပြီး ၂၀၁၄ခုနှစ်နောက်ပိုင်းမှစ၍ ရေတွင်သံချေးအများအပြားပါလာကြောင်း ဒေသခံတွေကဆိုသည်။

မဒဲကျွန်းရှိ ကျေးရွာတစ်ခုလျှင် ရေပေးဝေသောနေရာ(၄)ခုခန့်ရှိပြီး အချို့ ရေပေးဝေသောအဆောက်အဦးမှာလည်း ပျက်စီးနေကြောင်းသိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...