နမ့်ခမ်းမြို့နယ် ကျေးရွာအတွင်း လက်နက်ကြီးကျ၊ ၂ နှစ်ခွဲကလေး အပါအဝင် ထိခိုုက်ဒဏ်ရာရ

နမ့်ခမ်းမြို့နယ် ကျေးရွာအတွင်း လက်နက်ကြီးကျ၊ ၂ နှစ်ခွဲကလေး အပါအဝင် ထိခိုုက်ဒဏ်ရာရ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကောင်းဝိုင်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ သည့်အတွက် ၂ နှစ်ခွဲကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သတင်းရရှိသည်။

သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်တွင်ကောင်းဝိုင်းကျေးရွာအနီးတွင် မြန်မာ့တပ်မ တော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့ကြားတိုက်ပွဲဖြစ်ပွားရာ မြန်မာ့တပ်မတော်ဖက်မှ လက်နက်ကြီး ပစ်ကူရာမှ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု နမ့်ခမ်း ဒေသခံ တစ်ဦးမှ ပြောသည်။

“မနက် ၅ နာရီခွဲ လူတွေတောင် အိပ်ရာမထသေးဘူး အဲမှာ တိုက်ပွဲဖြစ်တယ် ရွာထဲမှာ တိုက်ပွဲဖြစ်တော့ ခန ကြာတော့ အဲမှာ လက်နက်ကြီးတွေ ရွာထဲကျလာတယ်။ ရွာထဲကျတော့ အဲမှာ ရွာသားလေးဦး ဒဏ်ရာရတာ ပေါ့နော လေးဦးထဲမှာ အမျိုးသမီးတစ်ဦးပါမယ် ကလေး၂ နှစ်ခွဲ ကလေးအရွယ် တစ်ယောက်ပါမယ်။ အဲဒီ သူ တို့ မိသားစု ထဲက သုံးယောက်ပါမယ်။ နောက်တစ်ခြား လူတစ်ယောက်ပါမယ်။ လေးယောက် ဒဏ်ရာရတယ်။ ကျနော်တို့ ဒီမြို့ပေါ်ကနေ ကြားတာကတော့ ဒီမြို့အဝင် တပ်မ ၈၈ တပ်စွဲထားတဲ့ တပ်စခန်းကနေလှမ်း ပစ်တာ ပဲ သူတို့ လှမ်းပစ်တာတော့ ၆ နာရီကနေ ၈ နာရီထိပဲ သူတို့တောက်လျှောက် ၁၀ မိနစ် ၁၅ မိနစ် တစ်ကြိမ် ပစ်တယ် အဲလို လှမ်းလှမ်းပြီးပစ်တယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ဒဏ်ရာရ ဒေသခံများ၏ အခြေအနေနဲ့ပတ်သက်ပြီး ၎င်းဒေသခံက ယခုလို ဆက်ပြောသည်။

“လူနာကတော့ အမျိုးသားတစ်ယောက် ရင်ဘတ်မှာလည်း လက်နက်ကြီးအဆံ ထိထားတယ်။ နောက်ပြီး တော့နံရိုးမှာ ၂ ချက်ပေါ့နော ထိထားတယ်။ ခုချိန်ထိ သူတို့ခွဲစိတ်ခန်းမဝင်သေးဘူး။  သူ့ကို ခနလေး အနား ပေးထားတယ်လို့ပဲ ပြောတယ်။ အဲတစ်ယောက်တော့ နည်းနည်းစိုးရိမ်ရတာပေါ့။ မိသားစုဝင် သုံးယောက်က တော့ အဲလောက်ထိ မစိုးရိမ်ရပါဘူး။”

သြဂုတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား  သြဂုတ် လဆန်းနောက်ပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားသည့် အရေအတွက် စိပ်လာကြောင်း၊ ယမန်နေ့ဖြစ်ပွားသည့် တိုက်ပွဲ အပါအဝင် ယခုလအတွင်း တိုက်ပွဲ အကြိမ်ရေ ၈ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု TNLA မှ ပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ “တိုက်ပွဲက ၅ နာရီခွဲကနေ ၈ နာရီအထိ နမ့်ခမ်း မြို့နယ် ကောင်းဝိုင်းရွာလေးမှာဖြစ်တယ်။ စဖြစ်တဲ့အကြောင်းအရင်းက အဲဖက်မှာ ကျနော်တို့အဖွဲ့ လှုပ်ရှားတဲ့ ဖက်မှာ မြန်မာ့တပ်မတော်က နမ့်ခမ်း ကနေ ဗျူဟာထိုးပြီး တက်လာတယ်။ တက်လာပြီးမှ ဒီမနက်အစောကြီး အဲမှာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်သွား တာဖြစ်တယ်” တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မ တော် (TNLA) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် သြဂုတ်လအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများမှာ သွားရေးလာရေးအပြင် နေထိုင်စားသောက်ရန် ခက်ခဲလာသည့်အတွက် စစ်ဘေး ရှောင်များအဖြစ် နေရပ်စွန့်ခွာကာ ထွက်ပြေးနေကြရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...