မန်တုံ-နမ္မတူ၊ မန်တုံ-မိုင်းဝီး၊ မန်တုံ-နမ့်ဆန်၊ မန်တုံ- မိုးမိတ်၊ မန်တုံ- လွယ်ကန် အစရှိသည့် လမ်းကြောင်းများ အား တပ်မတော်မှ ပိတ်ထားသည်ဟု ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းဇော်မှ ပြောသည်။
“အခုထက်ထိ သူတို့ လမ်းပိတ် နေတုန်း ပဲဗျာ။ အခုထက်ထိ မဖွင့်သေးဘူး။ နည်းနည်းတော့ အခက်အခဲ ဖြစ်တာပေါ့ဗျား ဟိုမှာ ဒေသခံလူထုတွေကတော့ ဥပမာ လားရှိုးတို့ မန္တလေးတို့ ခရီးသွားရမယ့် လူတွေကျ တော့ မသွားလိုက်ရဘူး။ ခရီးကနေ တစ်ထောက်။ မန်တုံမှာ ရောက်လာတဲ့လူတွေ ပြန်ထွက်လို့မရဘူး။ အဆိုး ဆုံးက မြို့နားတစ်ဝိုက်မှာ ကျေးရွာလေးတွေပေါ့ဗျာ စားဝတ်နေရေး ဆန်ဆီဆား အဲဒီမှာ မြို့တွေမှာ ၀ယ်ဖို့ ဆင်းလာပြီးတော့မှ အကုန်လုံး ပစ္စည်းပစ္စယတွေ ၀ယ်ပြီးတော့မှ ကိုယ့်ရွာကို ပြန်လို့မရဘူးဖြစ်နေတာ အခုက အကုန်လုံး ဘုန်းကြီးကျောင်းမှာ သွားစုနေရတယ်” ဟု ပြောသည်။
ယခုကဲ့သို့ လမ်းများ ပိတ်ထားသည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာရေးအတွက် ဆေးကုသမှု ခံယူရန်လည်း သွားလာ နိုုင်ခြင်း မရှိဖြစ်နေသည်။
ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့က မန်တုံ-နမ္မတူလမ်းမပေါ်တွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် သြဂုတ်လ ၅ ရက်နေ့မှ စတင်ကာ မြန်မာ့တပ်မတော်မှ ၎င်းလမ်းကြောင်းများအား ခရီးသွားခွင့်မပြုပဲ လမ်းပိတ်ထားသည်မှာ ယနေ့အ ချိန်ထိ ဖြစ်သည်။
သြဂုတ်လ ရ ရက်နေ့တွင် မန်တုံအခြေစိုက် တပ်မ ရ၇ ဗျူဟာမှူးအား ပိတ်ထားသည့် လမ်းများအား ဖွင့်ပေးပါ ရန် မေတ္တာရပ်ခံထားပြီး သြဂုတ်လ ၈ ရက်နေ့တွင် ဖွင့်ပေးမည်ဟု ဗျူဟာမှူးမှ ဆိုသော်လည်း ယခုအချိန်အထိ လမ်းများအား ဖွင့်ပေးခြင်း မရှိသေးဟု ဦးသိန်းဇော်မှပြောသည်။
“၇ ရက်နေ့ တနလာင်္နေ့ပေါ့နော ကျနော်ကတော့ ဗျူဟာမှူးကြီးကို ကျနော်ဖုန်းဆက်ထားတယ်။ ကျနော်က တော့ သူ့ဆီ မေတ္တာရပ်ခံထားတယ်။ မေတ္တာရပ်ခံထားတဲ့အခါကျတော့ သူပြောတယ် ၈ ရက်နေ့ ကျနော်ပြန် ဖွင့်ပေးပါ မယ်ဆိုတော့ မနေ့ကလည်း မရှိသေးဘူး။ ပြီးတော့လည်း ဒီနေ့ကလည်း ဖွင့်ပေးတာ မရှိသေးဘူး။” ဟုပြောသည်။
ထို့ကြောင့် မနက်ဖြန် ( သြဂုတ်လ ၁၀ ) ရက်နေ့ နံနက်ပိုင်းတွင် ပိတ်ထားသည့် လမ်းများအား ဖွင့်ပေးခြင်းမရှိပါ က မိမိအနေဖြင့် ရှမ်းပြည်နယ် အစိုးရ နယ်လုံဝန်ကြီးအား လမ်းပိတ်ရသည့် အကြောင်းအရင်းအား မေးမြန်း သွားမည်ဟု ဦးသိန်းဇော်မှ ဆက်ပြောသည်။







