ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနေရာ ကြားဖြတ်ရွေးကောက်ပွဲ၊ NLD မှ အနိုင်ရရှိ

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနေရာ ကြားဖြတ်ရွေးကောက်ပွဲ၊ NLD မှ အနိုင်ရရှိ
by -
ချင်းဝေါလ်
ဧပြီလ (၁) ရက်နေ့ တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာတနိုင်ငံလုံး၌ (၁၉) နေရာကျင်းပခဲ့ရာ၊ ဒုသမ္မတအဖြစ် ရွေးချယ်ခြင်းခံရသော ဦးဟင်နရီဗန်ထီးယူ၏ နေရာအတွက် ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမှတ် (၃) အတွက် ထန်တလန်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း (၃) ဦးယှဉ်ပြိုင်ခဲ့ရာ၊ NLD ပါတီမှ Pu Bawi Khing မှ လူထုမဲ ၈၆၈၃ ဖြင့် အနိုင်ရရွေးချယ်ခြင်း ခံခဲ့ရသည်။

အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်သစ် Pu Bawi Khing အား စာဖတ်သူတို့နှင့် အောက်ပါအတိုင်း မိတ်ဆက်ရပါသည်။

Pu Bawi Khing (ဦးဘွေခင်း) သည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Tluangram ရွာ၌ ၁၉၄၆ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖွားမြင်ခဲ့၍ လက်ရှိတွင် အသက် (၇၁) နှစ်ရှိပြီဖြစ်သည်။ မိဘများမှာ Pu Hnom Hrang နှင့် Pi Par Kil တို့ဖြစ်သည်။

အထက်တန်းကျောင်းအား ထန်တလန်မြို့တွင် အောင်မြင်ပြီးနောက် အိန္ဒိယနိုင်ငံ၊ Pune မြို့ရှိ South-East Asia Bible Correspondence ကျောင်းတွင် Senior English Bible Course ကို တက်ရောက်ခဲ့ပြီး၊ ၁၉၆၅ တွင်ပြီးမြောက်ခဲ့သည်။

၁၉၆၅-၆၆ တွင် မန္တလေးစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တနှစ်ပညာသင်သင်ယူခဲ့ပြီး၊ ယင်းနောက် စစ်ကိုင်းတိုင်းတွင် Field Coordinator အဖြစ် စတင်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် ၁၉၇၀-၇၄ အထိ ပလက်ဝမြို့နယ်တွင် စိုက်ပျိုးရေးဝန်ထမ်းအဖြစ် ဆက်လက်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၅ တွင် မြို့နယ်မန်နေဂျာအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၇၇ တွင် ထန်တလန်သို့ပြန် လည်ပြောင်းရွှေ့ခဲ့သည်။ ၁၉၈၀-၈၃ အထိ ဖလမ်း၊ ၁၉၈၄-၈၆ အတွင်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် နောက်ဆုံးအနေဖြင့် ကလေးဝမြို့တွင် ထမ်းဆောင်ခဲ့ပြီး၊ ပင်စင်ယူခဲ့သည်။ ပင်စင်ယူပြီးနောက် Food and Agriculture Organization (FAO) ၌ နှစ်နှစ်နှင့် ၁၉၉၈-၂၀၁၀ အထိ ချင်းပြည်နယ်၊ UNDP ရုံး၌လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

ပင်စင်ယူပြီးနောက်ပိုင်းတွင် ၂၀၀၄ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ Amos Theological College မှ B.Th ဓမ္မပညာဘွဲ့ရရှိနိုင်ခဲ့ သည်။ ၂၀၁၅ ခုနှစ်တွင် Judson International Seminary မှ M.A ရရှိနိုင်ခဲ့သည်။

၂၀၁၀-၂၀၁၂ အတွင်း ရွေးကောက်ပွဲကော်မရှင်၌လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် NLD ပါတီသို့ဝင်ရောက်ခဲ့ပြီး၊ ထန်တလန်မြို့နယ် NLD ပါတီဥက္ကဌနှင့် ချင်းပြည်နယ် NLD ပါတီ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌလည်း ဖြစ်သည်။ NLD ပါတီ၏ Central Committee အဖွဲ့ဝင်လည်း ဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...