ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူမှ မင်းတပ်မြို့လူထုနှင့် တွေ့ဆုံရာတွင် ” ယခုလို မိဘပြည်သူများနှင့် တွေ့ဆုံရသည့်အတွက် အင်မတန်မှ ၀မ်းသာပါတယ်။ နွေးထွေးစွာကြိုဆိုမှုကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ဒီချင်းပြည်နယ်တောင်ပိုင်းခရီးစဉ်က ပထမဆုံးအကြိမ်ဖြစ်သော်လည်း နောက်ဆုံးအကြိမ်ဟုတ်ပါ” ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးမှ ချင်းပြည်နယ်အတွက် ဂျပန်နိုင်ငံမှ စက်များဖြင့် ရာသီမရွေးသွားလာနိုင်ရန်အတွက် ကန်ဘောင်တံတားကြီးများအားလည်း တည်ဆာက်သွားမည်ဟု၄င်း၊ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးမှ ချင်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက် ကလေးများအား တလလျှင် ကျပ်ငွေ (၁၅၀၀၀) ထောက်ပံ့မည်ဖြစ်ကြောင်း၊ ခလေးငယ်များ၏ အဓိက ဖွ့ံဖြိုးတိုးတက်မှုအချိန်သည် အသက် (၂) နှစ်အထိ ဖြစ်ကြောင်း၊ ၁၀ ဘီလီယံ ကျပ်သန်းပေါင်း ၁၀၀၀၀ အထိ ချင်းပြည်နယ်အား ထောက်ပံ့မည်ဖြစ်ပြီး၊ ၂၀၁၇-၁၈ တွင် တနိုင်ငံလုံးရှိ အသက် ၉၀ အထက် ဘိုးဘွားများအား တလလျှင် ကျပ်ငွေ (၁၀၀၀၀) ထောက်ပံ့သွားမည်ဟု ပြောကြားခဲ့ကြသည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် ချင်းပြည်နယ်မြောက်ပိုင်းမြို့များဖြစ်သော တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါးနှင့် ထန်တလန်မြို့များသို့ သွားရောက်ခဲ့ပြီး၊ တောင်ပိုင်းချင်းပြည်နယ်သို့ မသွားရောက်ခဲ့သဖြင့် ဒေသခံများမှ ၀မ်းနည်းသည့်သတင်းအား ချင်းဝေါလ်မီဒီယာတွင် ဖေဖော်ဝါရီလ (၉) ရက်နေ့၌လည်း ထုတ်ပြန်ခဲ့သည်။
ထိုချင်းပြည်နယ် မြောက်ပိုင်းခရီးစဉ်အတွင်း၌ ပြည်နယ်အစိုးရမှ “ဟားခါးမြို့တွင် နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ဖွင့်လှစ်ပေးရန်၊ ပလက်ဝမြို့တွင် စက်မှုလက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးရန်၊ မင်းတပ်နှင့် တီးတိန်ရှိ စက်မှုလက်မှု အထက်တန်းကျောင်းများအား စက်မှုလက်မှု သိပ္ပံကျောင်းများအဖြစ်သို့ တိုးမြှင့်ပေးရန်တို့အား ဒုသမ္မတထံ၌ တင်ပြခဲ့ကြသည်။
ထို့အပြင် မြို့နယ်များအနေဖြင့်- မတူပီမြို့နှယ်နှင့် ပလက်ဝမြို့နယ်အား စုစည်း၍ မတူပီခရိုင်အဖြစ် တိုးမြှင့်ပေးရန်၊ ကုတင် ၁၀၀ ဆန့်ဆေးရုံအဖြစ် အဆင့်မြှင့်ပေးရန်၊ မတူပီတွင် နိုင်ငံတော်အဆင့် တည်းခိုနိုင်ရန် ဧည့်ရိပ်သာဆောက်လုပ်ပေးရန်များ..။ မင်းတပ်မြို့နယ်နှင့် စပ်လျှှဉ်း၍ မင်းတပ်ခရိုင်အတွက် ၀ိဇာသိပ္ပံကောလိပ်ဖွင့်လှစ်ပေးရန်၊ ပညာရေးကောလိပ်ဖွင့်လှစ်ပေးရန်၊ ကန်ပက်လက်မြို့နယ်နှင့် စပ်လျှဉ်း၍ ကုတင် ၅၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးရန်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဖွံ့ဖြိုးမှု သင်တန်းကျောင်းဖွင့်လှစ်ပေးရန်နှင့် သစ်တောကျောင်းဖွင့်လှစ်ပေးရန်။ ပလက်ဝမြို့နယ်တွင် နတလအိမ်တွင်းမှုသင်တန်းကျောင်းဖွင့်လှစ်ပေးရန်၊ ဆမီးနှင့် ရှင်းလက်ဝတို့တွင် တိုက်နယ်ဆေးရုံဆောက်လုပ်ပေးရန်၊ ပလက်ဝ-မီးဇာ-ရှင်းလက်ဝကားလမ်းနှင့် ကုလားတန်မြစ်ကူးတံတားကြီး (လောင်းကဒူး) အားအမြင်ဆုံးဆောက်လုပ်ပေးရန် စသည်တို့ပါ၀င်သည်။
နိုင်ငံတော် ဒုသမ္မတမှ “မိဘပြည်သူတွေရဲ့ တင်ပြချက်တွေကိုလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးသွားမှာပါ။ အခုချက်ခြင်း မဖြည့်ဆည်းပေးနိုင်ရင်တောင်မှအနှေးနဲ့အမြန်ဆက်လက် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တင်ပြသွားကြတဲ့ သက်ဆိုင်ရာလူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ချင်းပြည်နယ်က အဆင်းရဲဆုံးဒေသဖြစ်တဲ့အတွက် လိုအပ်ချက်တွေအများကြီးရှိပါတယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်အပေါ်မှာ မူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ နားလည်ပေးဖို့၊ အချိန်ပေးဖို့ကိုလည်း မျှော်လင့်ပါတယ်။ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတခုကိုပဲ အားမကိုးပဲ ပြည်သူတွေဘက်ကလည်း အတတ်နိုင်ဆုံး တက်ညီလက်ညီ ပါ၀င်ကြပါလို့လည်း မေတ္တာရပ်ခံပါတယ်” ဟု ပြန်လည်ပြောကြားခဲ့သည်။
ဤခရီးစဉ်အတွင်းတွင် လိုင်လဲန်းပီမြို့၊ ရေဇွာမြို့၊ မတူပီမြို့၊ ဆမီးမြို့နှင့် ပလက်ဝမြို့များသို့လည်း ဆက်လက်သွားရောက်မည်ဟု သိရသည်။







