ရှစ်လေးလုံးသမိုင်းပြတိုက်ကို ရေရှည်ထိန်းသိမ်းရေးအတွက် နိုင်ငံတော်က တာဝန်ယူစေချင်ဟု ဦးမင်းကိုနိုင်ပြော

ရှစ်လေးလုံးသမိုင်းပြတိုက်ကို ရေရှည်ထိန်းသိမ်းရေးအတွက် နိုင်ငံတော်က တာဝန်ယူစေချင်ဟု ဦးမင်းကိုနိုင်ပြော
by -
မဇ္ဈိမ
ရှစ်လေးလုံး သမိုင်းပြတိုက်ကို လုံခြံုစွာထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတော်ကို အမြန်ဆုံးတာဝန်ယူစေလိုကြောင်း ၈၈မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သည့် ဦးမင်းကိုနိုင်က ပြောသည်။

သြဂုတ်လ ၈ရက်က ကျင်းပခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၉နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ယခုလို ပြောခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်ကို တာဝန်မြန်မြန်ယူစေချင်ပြီ။ တစ်ညလောက် အဲ့ဒီဟာက မသမာမှုနဲ့ ကြံုလိုက်ရရင်ဗျာ၊ ရင်ကျိုးရချည်ရဲ့။ ဒါတွေက အစားပြန်မရနိုင်ဘူး။ ဒါကြောင့် ဒီပြတိုက်ကို နိုင်ငံတော် အဆင့်(၁) လုံခြံုရေးမျိုး ပေးစေချင်တယ်။ ဥပမာ ယဉ်ကျေးမှုပြတိုက်လိုပေါ့ဗျာ။နောက် သတ်မှတ်ထားတဲ့ မြေပေါ်မှာ ခိုင်ခိုင်ခံ့ခံ့ လုံလုံခြံုခြံု ဆောက်ထားတဲ့ အဆောက်အဦ ဖြစ်ရမယ်။ နောက်ပြီး ဒီပြတိုက် လည်ပတ်အောင် ဆောင်ရွက်ဖို့ အတွက် နိုင်ငံခြားမှာ သွားရောက်လေ့လာနေတဲ့သူတွေ ရှိတယ်။ အကယ်လို့ နိုင်ငံတော်က ခွင့်ပြုမယ်ဆိုရင် အဲ့အဖွဲ့တွေနဲ့ ဆက်သွယ်ပေးမယ်။ နိုင်ငံတော်က တာဝန်လုံးဝယူလိုက်ရင်တော့ ကျွန်တော် ကျေနပ်မိမှာပါ” ဟု ၈၈မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်က မဇ္စျိမကို ပြောသည်။

ရှစ်လေးလုံးသမိုင်းပြတိုက်ကို လက်ရှိတွင် ရန်ကုန်မြို့၊သင်္ကန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းတွင် ယာယီအဖြစ် ထားရှိပြီး ပြတိုက်တွင်း ခင်းကျင်းပြသထားသည့် အရာများကို ထိန်းသိမ်းထားရသည်မှာ တာဝန်ကြီးလွန်းသဖြင့် အချို့ပစ္စည်းများကို မူရင်းအစား မိတ္တူများဖြင့် ပြသထားရကြောင်း သိရသည်။

၈၈မျိုးဆက်ကျောင်းသားများအနေနှင့်လည်း အဆိုပါပြတိုက်ကို အနှစ်(၃၀)ပြည့်မတိုင်မီတွင် ဆောက်လုပ်စေလိုပြီး နိုင်ငံတော်၏ အသိအမှတ်ပြုဆောင်ရွက်ပေးမှုကို လိုလားကြောင်း ၂၉နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရှစ်လေးလုံးသမိုင်းပြတိုက်တည်ဆောက်မှု၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြတိုက်ပုံစံများနှင့် ခင်းကျင်းမှုကိစ္စများကို ပံ့ပိုးပေးရန် မူအားဖြင့် သဘောတူထားကြောင်း သိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...