လေးတောင်နယ်နှင့် ကျောက်ချောင်းနယ်ကို လျှပ်စစ်ပေးနိုင်ရန် ဓါတ်အားခွဲစက်ရုံ တည်ဆောက်မည်

လေးတောင်နယ်နှင့် ကျောက်ချောင်းနယ်ကို လျှပ်စစ်ပေးနိုင်ရန် ဓါတ်အားခွဲစက်ရုံ တည်ဆောက်မည်
ရခိုုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ လူဦးရေသိပ်သည်းမှု အများဆုံးဒေသဖြစ်သော လေးတောင်တိုက်နယ်နှင့် ကျောက်ချောင်း တိုက်နယ်တို့ကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓါတ်အားခွဲစက်ရုံတစ်ရုံကို မကြာမီတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ရမ်းဗြဲမြို့နယ်မှာ လွန်ခဲ့သည့် ၂၀၁၄-၁၅ ခုနှစ်မှစတင်ကာ မဟာဓါတ်အားလိုင်းမှ ဖြန့်ဖြူးပေးလျှက်ရှိသည့် လျှပ်စစ်ဓါတ်အားကို သုံးစွဲခွင့်ရရှိနေပြီ ဖြစ်သော်လည်း မြို့ပေါ်အပါအဝင် ကျေးရွာနှစ်ဆယ် ဝန်းကျင်ခန့်သာ ရရှိသေးကြောင်း သိရသည်။ “လေးတောင်နဲ့ ကျောက်ချောင်း နှစ်နယ်ပေါင်းကို လျှပ်စစ်မီးပေးနိုင်အောင်အတွက် ဓါတ်အားခွဲစက်ရုံ ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။ အခုမြေနေရာတွေ လိုက်ကြည့်နေတာပါ။ အားလုံး အဆင်ပြေရင်တော့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ မီးရဖို့အတွက် သေချာသလောက် ရှိနေပါတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောသည်။ လက်ရှိတွင် ရမ်းဗြဲမြို့သို့ ဖြန့်ဖြူးပေးလျှက်ရှိသည့် လျှပ်စစ်ဓါတ်အားခွဲစက်ရုံမှာ ၁၀ မိုင်ဧရိယာသာ ထုတ်လုပ်ပေးနိုင်သဖြင့် ကျန်ရှိသည့်ကျေးရွာများကို ဖြန့်ဖြူးပေးရန် ဓါတ်အားလုံလောက်မှု မရှိသည့်အတွက် မြို့နယ်အတွင်းမှ ကျေးရွာအများစုတို့မှာ မီးမရရှိဘဲ ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ “အသစ်တည်ဆောက်မယ့် ဓါတ်အားခွဲစက်ရုံကို တည်ဆောက်ပြီးရင်တော့ ကျေးရွာပေါင်း ၃၀ ကျော်လောက်ကို မီးပေးနိုင်မယ်လို့ သိရပါတယ်။ အခုမြေနေရာသုံးခုကို လျာထားပါတယ်။ သုံးနေရာစလုံးက လိုအပ်တဲ့မြေဧရိယာ ငါးဧကအပြည့်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ လုပ်မယ်ဆိုရင်လည်း ပြည်နယ်ဘတ်ဂျက်က ချမပေးနိုင်ဘူး။ ပြည်ထောင်စုကချပေးမှပဲ တည်ဆောက်ရမှာဖြစ်ပါတယ်”ဟု ဦးသန်းမောင်ဦးက ဆက်လက်ပြောကြားခဲ့သည်။ ရမ်းဗြဲမြို့သည် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသရှိ ပင်လယ်ကျွန်းစုမြို့ဖြစ်ပြီး ယင်းကျွန်းအတွင်း ကျောက်ဖြူနှင့် ရမ်းဗြဲနှစ်မြို့ရှိပြီး ကျောက်ဖြူမြို့မှာ ၂၀၁၄-၁၅ ခုနှစ် လျှပ်စစ်မီး စတင်ဖြန့်ဖြူးသည့် အချိန်မှစတင်က မီးရရှိရေး အတွက် အဓိကဆောင်ရွက်ပေးလျှက်ရှိရာ တစ်မြို့နယ်လုံးနီးပါး ရရှိနေပြီဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးကို ၂၄ နာရီ သုံးစွဲခွင့်ရရှိနေပြီ ဖြစ်သော်လည်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မင်းပြား၊ ပေါက်တော၊ မြေပုံ၊ စသည့် မြို့များအပါအဝင် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာပေါင်း ၅၅၀ နီးပါးတို့မှာ ဆိုလာစနစ်ဖြင့် မီးရရှိရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...