ရန်ကုန်၊ Novotel ဟိုတယ်၊ ဇူလိုင်လ ၈ ရက်တွင် ပြုလုပ်သော လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ဥပဒေကြမ်းဆိုင်ရာ ဆွေးနွေးပွဲ (ဥပဒေနှင့် အမြင်စကားဝိုင်း) တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဖွဲ့အစည်းအသီးသီးမှ လူ ၆၀ ကျော် တက်ရောက်ခဲ့ပြီး ဒေါ်နွယ်နွယ်လွင် (LL.B.., City University of Hong Kong,LL.M..,University of Nort Dame,USA)က ယင်းသို့ဆွေးနွေးခဲ့သည်။
ဒေါ်နွယ်နွယ်လွင်မှလည်း “ဘာကြောင့်ကျွန်မတို့က Gender ကို ပြောတာလဲဆိုရင်တော့ အဓိက အမျိုးသမီးလုပ်သားထု မြန်မာနိုင်ငံမှာအရမ်းများတယ်၊ တကယ်တမ်း အခြေခံလုပ်အားခနဲ့ အမျိုးသားတစ်ဦးရဲ့ ဝင်ငွေဖြင့် မိသားစုတစ်စု ရပ်တည်ဖို့ခက်တယ် အဲကြောင့် အမျိုးသားရော ၊ အမျိုးသမီးပါ အလုပ်ထွက်လုပ်ကြရတယ်၊ ကျွန်မတို့မြင်ရတယ် အရင်က ပိုဆိုးပါတယ် နယ်ဖက်မှာ အစိုးရ ပရောဂျက်တွေမှာ ဖိနပ်မပါဘူး နေပူပူထဲမှာ ခေါင်းခုလေးတွေနဲ့အုတ်ခဲတွေသယ် စုတ်စုတ်ပြတ်ပြတ်လေး သွားနေကြတယ် ၊အဲတော့ အဲအမျိုးသမီးတွေအတွက် အာမခံချက်တွေ ဘယ်မှာလဲ၊ ကိုယ်ဝန်ဆောင် မိခင်တွေပါတယ်၊ ကလေးမွေးပြီးခါစမိခင်တွေ၊ အိမ်ထောင်ပြုပြီးမှ ကွဲကွာသွားတော့ ကလေးတွေ အများကြီးနဲ့ ကျန်ခဲ့တဲ့သူတွေရောပါတယ်၊ အဲသူတွေအတွက် တကယ်တမ်းထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်၊ အဲအမျိုးသမီးတွေအတွက် လုပ်ငန်းခွင် ဘေးကင်းလုံခြံုရေးအတွက် ဘာလုပ်ပေးမှာလဲ” ဟု ပြောသည်။
Yangon School of Political Science(YSPS) မှ ဦးဆောင်ကျင်းပခဲ့ပြီး ဥပဒေအမြင်စကားဝိုင်းတွင် ဦးဟန်မျိုးသူ (Managing Director, WSH)၊ ဒေါ်နွယ်နွယ်လွင် (LL.B.., City University of Hong Kong,LL.M..,University of Nort Dame,USA) နှင့် ဒေါ်သက်သက်အောင် (Coordinator,အနာဂတ် အလင်းတန်းများ ဆုံမှတ်အဖွဲ့တို့မှ ဥပဒေအမြင်များကို ဦးဆောင်ဆွေးနွေးခဲ့သည်။
စကားဝိုင်းတွင် ၂၀၁၇ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လွှတ်တော်သို့ရောက်ရှိလာသော ဥပဒေကြမ်းတွင် လိုအပ်နေသေးသော အချက်များကို ဥပဒေအမြင်ဖြင့် ဆွေးနွေးခဲ့ရာ ဥပေဒကြမ်းတွင် ပါရှိသော ရည်ရွယ်ချက် (၅) ခုဖြင့် မလုံလောက်သေးကြောင်း၊ ယခု ဥပဒေကြမ်းသည် လုပ်ငန်းရှင်ပိုင်းမှ လိုက်နာချင်အောင် ဆွဲဆောင်မှု မရှိကြောင်း၊ လက်တွေ့တွင် Safety ပိုင်းကို လုပ်ဆောင်နေမှုများ ရှိသော်လည်း ကုန်ကျစရိတ်များကို အလုပ်သမားတို့၏ လစာမှ ပြန်ဖြတ်သည်များကို တွေ့ရကြောင်း ပြောသည်။
ယခုဥပဒေကြမ်းတွင် အကြမ်းဖက်မှုအတွက် ထည့်သွင်းထားသည် မရှိကြောင်း၊ နည်းဥပေတွင် ထည့်သွင်းလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
လုပ်ငန်းခွင်အတွင်း အကြမ်းဖက်မှုများကိုလည်း ထည့်သွင်းထားမှုမရှိသည့်အပြင် အမျိုးသမီး၏ အခန်းကဏ္ဍ အားနည်းနေသေးကာ မသန်စွမ်းများအတွက် ထည့်သွင်း စဉ်းစားပေးရန် နှင့် ဝေးလံခေါင်သီသော နယ်ဖက် ဒေသ၊ပဋိပက္ခတွေအတွက်ပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။







