မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ပြည်သူလူထုများ၏ လုံခြံုရေးအတွက် အထူးစိုးရိမ်ကြောင်း သူက ဇူလိုင်လ ၃ ရက်နေ့က သတင်းထောက်များကို ပြောဆိုခဲ့သည်။
၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ပွားခဲ့သည့် အခြေခံပေါ်မူတည်သော်လည်း လုံခြံုရေးယူထားသည့် ရဲတပ်ဖွဲ့များသာမက ဆယ်အိမ်မှူး၊ ရာအိမ်မှူးများပါ အသတ်ခံနေရပြီ ဖြစ်၍ လူမျိုးရေး ပဋိပက္ခ မဟုတ်သောဘဲ လက်ရှိ အနေအထားသည် Terrorism (အကြမ်းဖက်ဝါဒ) ဘက် ရောက်ရှိနေသည်ကို တွေ့ရကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
“အခုဖြစ်ပေါ်နေတဲ့ အနေအထားတွေကို ကြည့်တဲ့အခါမှာ ဘာသာရေးလူမျိုးရေးကို အခြေခံတယ်ဆိုတာထက် Terrorism ဘက်ကို သွားနေတာကို အများကြီး ထင်ထင်ရှားရှား တွေ့လာရပါတယ်။ အင်မတန်မှ စိတ်ပူစရာတွေ ရှိပါတယ်”ဟု စောပြရာဇာလင်းက ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများကို အထူးဇုံဒေသအဖြစ် သတ်မှတ်ပေးရန် လိုအပ်ကြောင်း ပြောခဲ့သည်။
“ကျမတို့ ဖြစ်စေချင်တာကတော့ ဘူးသီးတောင်၊ မောင်တောဒေတွေကို အထူးဇုံဒေသအဖြစ်တော့ သတ်မှတ်ပေးဖို့ လိုနေပြီဆိုတာကို အဓိက ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပြဿနာ စလာတာ့ ၂၀၁၂ ကပေါ့လေ။ ၂၀၁၂ ကတည်းက အခြေခံဖြစ်တယ်။ ဒါတွေကို ထိထိရောက်ရောက် ကိုင်သွယ်မှု အားနည်းတယ်လို့ မြင်တယ်။ ဥပမာ နယ်စပ်ဒေသ လုံခြံုရေး ဂိတ်တွေမျာဆိုရင် လူ ၁၀ ယောက်လောက်ပဲ ရှိတယ်။ ဂိတ်တွေ ဘယ်လောက် ချထားနိုင်မလဲဆိုတာကအစ ကျွမတို့စဉ်းစားရမှာ”ဟု စောမြရာဇာလင်းက ပြောသည်။
ALP အနေဖြင့် တိုင်းပြည် လုံခြံုရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး လက်ရှိ ပဋိပက္ခ ဖြစ်ပွားနေသည့် နယ်မြေထိ ကွင်းဆင်းခြင်းနှင့် လုံခြံုရေးကိုလည်း အစိုးရနှင့် ရဲတပ်ဖွဲ့နှင့် ပူးတွဲလုပ်ဆောင်ရန် ဆန္ဒရှိသဖြင့် နယ်စပ်ဒေသ ဝန်ကြီးထံသို့ ဆက်သွယ်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။
“အခုဆရာတို့ ကြည့်ပါ။ လူတွေက ကိုယ့်အိမ်ကိုယ့်ရွာမှာနေလို့၊ ကိုယ့်အိမ်ပြင်ကို ထွက်သွားလို့ မရတော့တဲ့ အနေအထားရှိတယ်။ အိမ်မှာ လာသတ်တဲ့အနေအထားတွေလည်း ရှိနေတယ်။ ဆိုရင် ဒီနယ်မြေကို ဘယ်လိုလုပ်ပြီး အေးချမ်းတယ်ဆိုပြီးတော့မှ ကျွန်မတို့က သတ်မှတ်လို့ ရမှာလဲ။ ဒါကို အစိုးရကို တိုက်တွန်းချင်တယ်။ ”ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်း သတင်းပတ်အတွင်း သတ်ဖြတ်ခံရသူများ၊ ပျောက်ဆုံးသူ အရေအတွက် စိုးရိမ်ဖွယ် မြှင့်တက်လာပြီး ဇွန်လ ၂၆ ရက်နေ့အတွင်း မောင်တောဒေသအတွင်း အရပ်သာ ၂၈ ဦး အသတ်ခံခဲ့ရသလို၊ ၂၂ ရက်နေ့တွင်လည်း ပျောက်ဆုံး သို့မဟုတ် ဖမ်းဆီးခံခဲ့ရသည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသားလုံခြံုရေးအကြံပေး ပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြံုရေး အခြေအနေများနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







