တိုင်းရင်းသားမီဒီယာများ ဆက်လက်ရှင်သန်ဖို့ အစိုးရမှထောက်ပံ့ပေးရန် တာဝန်ရှိဟုဆို

 တိုင်းရင်းသားမီဒီယာများ ဆက်လက်ရှင်သန်ဖို့ အစိုးရမှထောက်ပံ့ပေးရန် တာဝန်ရှိဟုဆို
by -
မဇ္ဈိမ
ဆက်လက်ရပ်တည် ရန်အတွက် အခက်အခဲတချို့နှင့် ရင်ဆိုင်နေသည့် တိုင်းရင်းသားဒေသများရှိ မီဒီယာများအတွက် အစိုးရမှထောက်ပံ့ ပေးရန်လိုအပ်နေသည်ဟု ဒီမိုကရပ်တစ်မြန်မာ့အသံ (DVB) သတင်းဌာနမှ ဦးခင်မောင်ဝင်းကပြောဆိုလိုက်သည်။

“အစိုးရရဲ့ ပံ့ပိုးမှုမရှိဘဲ တိုင်းရင်းသားမီဒီယာတွေ စျေးကွက်ထဲ ယှဉ်ပြီးတော့ ရှင်သန်ရပ်တည်စေတယ်ဆိုရင်တော့ ပထမခြေလှမ်းမှာတင် အကုန်လုံးသေသွားပါလိမ့်မယ်" ဟု ၎င်းကပြောဆိုသည်။

လက်ရှိတိုင်းရင်းသားမီဒီယာများသည် ပုံနှိပ်စက်အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ရင်းနှီးမြုပ်နှံမှုနှင့် အခြားအခက်အခဲများစွာ ရင်ဆိုင်နေရသည်ကို တွေ့ရှိရကြောင်း ညီလာခံ ပထမရက် ဆွေးနွေးမှုအပြီး အနှစ်ချုပ်ကို ကျင်းပရေးအဖွဲ့မှ ကိုသားငယ်ကပြောသည်။

ငွေးကြေးအခက်အခဲကြောင့် လွန်ခဲ့သည့် လပိုင်းက ဂျာနယ်ထုတ်ဝေခြင်းရပ်ဆိုင်းထားရသည့် စစ်တွေအခြေစိုက် Development News Journal တာဝန်ခံအယ်ဒီတာ ဖြစ်သူ ကိုမိုးဇော်မြင့်က အစိုးရမှ ထောက်ပံ့ပေးမည်ဆိုပါက ကြိုဆိုသော်လည်း လွှမ်းမှုများရှိပါက လက်ခံမည်မဟုတ်ဟုပြောဆိုသည်။

အဆိုပါ စစ်တွေအခြေစိုက် တိုင်းရင်းသားဂျာနယ်ဖြစ်သည့် Development News Journal သည် ၂၀၁၆ ဒီဇင်ဘာတွင် ဂျာနယ်ထုတ်ဝေခြင်းကို ရပ်ထားတာဖြစ်ပြီး အဆိုပါ ဂျာနယ်သည် ရခိုင်စီးပွားရေး လုပ်ငန်းရှင်များ၏ ပံ့ပိုးပေးမှုဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်း အဆိုပါဂျာနယ်၏ တာဝန်ခံအယ်ဒီတာဖြစ်သူက မဇ္ဈိမကိုပြောသည်။

“သူတို့လှူတဲ့ပိုက်ဆံလောက်နဲ့ ကျွန်တော်တို့က လည်ပတ်နေတာ ရေရှည်မှာတော့ အခက်အခဲရှိတာပေါ့။ အခုလည်း ဂျာနယ်ကနားထားတာ အွန်လိုင်းတစ်ခုပဲသွားတယ်" ဟု ကိုမိုးဇော်မြင့်ကပြောပြသည်။

ကယားပြည်နယ်၊ လွိုင်ကော်တွင် ကျင်းပနေသည့် ပဥ္စမအကြိမ်မြောက်ကျင်းပနေသည့် တိုင်းရင်းမီဒီယာညီလာခံတွင် တိုင်းရင်းသားဒေသများ၌ သတင်းသမားများ ကြံုတွေ့နေရသည့် အခက်ခဲနဲ့ စိန်ခေါ်မှုများကို တိုင်းနှင့် ပြည်နယ်အသီးသီးအလိုက် အဖွဲ့ခွဲ ဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်သည်။

ထို့ကြောင့်တိုင်းရင်းသားမီဒီယာများကို အစိုးရမှ ထောက်ပံ့ပေးရာတွင် ငွေရေးကြေးရေးမဟုတ်ဘဲ အခွန်ကင်းလွတ်ခွင့်ပေးခြင်းနှင့် ပုံနှိပ်စက်ကိစ္စတွင် အစိုးရဘက်မှ ကူညီပေးခြင်းမျိုးဖြင့်လည်း ထောက်ပံ့ပေးနိုင်သည်ဟု ဦးခင်မောင်ဝင်းက အကြံပြုသည်။

တိုင်းရင်းသားဒေသများရှိ မီဒီယာများအနေဖြင့် စျေးကွက်တွင် ထုတ်ကုန် (ဂျာနယ်၊ သတင်းစာ) သို့မဟုတ် ကြေငြာရရှိသည့် အခြေအနေဖြင့် မိမိဘာသာ ရပ်တည်ရန် လုံးဝမဖြစ်နိုင်ဟုလည်း ၎င်းကဆက်လက်ပြောဆိုသည်။

“ကြော်ငြာနည်းက စျေးကွက်ကြီးထဲမှာ သူတို့ထက်ကြီးတဲ့ မီဒီယာတွေတောင်မှ ဝင်တိုးလို့မရဘူးလေ" ဟု DVB သတင်းဌာနမှ ဦးခင်မောင်ဝင်းကပြောဆိုလိုက်သည်။

ထို့အပြင် တိုင်းရင်းသားမီဒီယာများကို အမှန်တကယ်အကူအညီလိုအပ်သည်ဟု ယုံကြည်ပါက အစိုးရမှ ထောက်ပံ့ပေးရန် တာဝန်ရှိသည်ဟု ၎င်းကပြောသည်။

ဂျာနယ် ထုတ်ဝေခြင်းရပ်နားထားရသည့် အကြောင်းကို DNG ဂျာနယ်၏ တာဝန်ခံအယ်ဒီတာက ကိုမိုးဇော်မြင့်က “အဓိကကတော့ ငွေကြေးကြောင့်ပါ။ ပိုက်ဆံမရှိလို့ သတင်းထောက်တွေမခန့်နိုင်ဘူး။ ရုံးပိုင်းဆိုင်ရာမလည်ပတ်နိုင်ဘူးပေါ့။ ဂျာနယ်ထုတ်ဖို့ပိုက်ဆံမရှိလို့ ရပ်လိုက်ရတာပေါ့" ဟု ရှင်းပြသည်။ လာမည့် အောက်တိုဘာလခန့်တွင် ပြန်လည် ထုတ်ဝေနိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ကိုမိုးဇော်မြင့်ကဆိုသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...