NLD က ပြောဆိုခဲ့သည်များကို မီဒီယာများ မှန်မှန်ကန်ကန်ရေးရန် ဦးဝင်းထိန် ပြော

NLD က ပြောဆိုခဲ့သည်များကို မီဒီယာများ မှန်မှန်ကန်ကန်ရေးရန် ဦးဝင်းထိန် ပြော
by -
မဇ္ဈိမ
မီဒီယာသမားများအနေဖြင့် NLD ကပြောဆိုဖြေကြားခဲ့သည်များကို မှန်မှန်ကန်ကန်၊ ဖြောင့်ဖြောင့်မတ်မတ် ရေးသားကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောခဲ့သည်။

"ကျွန်တော်ကတော့ မီဒီယာမှာပြောနေတာ များတဲ့အခါကျတော့ တစ်ခါတလေကျတော့ ထိတာ၊ငြိတာပေါ့။ ငြိတဲ့အခါမှာ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျွန်တော်တို့ NLD လူဟောင်းများက ၁၉၈၈ ခုနှစ်ကတည်းက စတင်လှုပ်ရှားတဲ့အခါမှာ ပြည်သူလူထုရဲ့ အကျိုးကို ကြည့်ပြီးတော့ ဖြောင့်ဖြောင့်မတ်မတ်နဲ့ ပြောတယ်။ ဖြောင့်ဖြောင့်မတ်မတ်နဲ့ စဉ်းစားတယ်။ ဒါပေမယ့် ပြောပုံ၊ ပြောနည်းကတော့ မတူကြဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အလွန်အင်မတန် ပါးနပ်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အခါကျတော့ အစွန်းထွက်တဲ့စကားတွေနည်းတယ်။ ကျွန်တော်ကတော့ ပြောင်းပြန်ပြောမယ်ဆိုရင် မလိမ္မာ၊မပါးနပ်ဘူးပေါ့” ဟု ဦးဝင်းထိန်က ပြောသည်။

ယနေ့ ဇူလိုင်လ ၂ ရက်နေ့၊ နံနက်ပိုင်းက မန္တလေးမြို့တွင် စတင်ကျင်းပသည့် မန္တ​လေးတိုင်​း​ဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ််ပါတီမှ မြို့နယ်၊ခရိုင်၊တိုင်း အလုပ်အမှုဆောင်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်​​တော်​ကိုယ်စားလှယ်များ​တွေ့ဆုံပွဲတွင် မန္တလေးအခြေစိုက် မီဒီယာသမားများကို ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ပြောတဲ့စကားတွေက ပေါက်ကွဲတာများတယ်။ ဒါ တမင်သက်သက် လုပ်တာမဟုတ်ဘူး။ သို့သော်လည်း ဖြေရင်းပြုရင်းနဲ့ တစ်ချို့မီဒီယာအဖွဲ့တွေက ကောက်ချက်ချပြီး၊ အသုံးချပြီးတော့   ရေးကြတာပေါ့။ လူရယ်လို့ဖြစ်လာရင်တော့ မီဒီယာသမားမှ မဟုတ်ဘူး။ နိုင်ငံရေးသမားမှ မဟုတ်ဘူး။ ပုထုဇဉ်မှန်သမျှ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်ဖို့ အရေးကြီးတယ်” ဟု ဆိုသည်။

တစ်ချို့ကိစ္စရပ်များတွင် တရားစွဲဆိုနိုင်သော်လည်း တရားစွဲဆိုခြင်းမပြုခဲ့ဟု ဦးဝင်းထိန်က ပြောသည်။

“အဲဒါတွေနဲ့ ပတ်သက်လို့ တစ်ချို့ဆို တရားစွဲလို့တောင် ရတယ်။ ဒါပေမယ့် မစွဲပါဘူး။ မစွဲဘူးဆိုတာ အလုပ်ရှုပ်တာရယ်၊ နောက်တစ်ခုက ဒီလို အချို့အကြောင်းကြောင်းကြောင့် ဒီလိုလုပ်တယ်ဆိုတာ သိလို့ရလို့ ကျေးဇူးတင်တာ တစ်ပိုင်းပေါ့” ဟု ပြောသည်။

ထို့ကြောင့် NLD အနေဖြင့်  ပြည်သူအားတဆင့်အသိပေးရာတွင် ဖြောင့်ဖြောင့်မတ်မတ် ပြောကြားမည် ဖြစ်ပြီး မီဒီယာမှလည်း ဖြောင့်ဖြောင့်မတ်မတ် သတင်းပို့ရန် ဦးဝင်းထိန်က ပြောခဲ့သေးသည်။

“ကျွန်တော်တို့ပြောတဲ့ဟာကို ခင်ဗျားတို့က ပြန်ပြောမှ ပြည်သူလူထုက သိမှာ ။ အလားတူပဲ ကျွန်တော်တို့ရှိမှ ခင်ဗျားတို့လည်းရေးစရာတွေရှိမှာ ။ အဲဒီတော့ ကျွန်တော်ပြောတာကိုလည်း မှန်မှန်ကန်ကန်၊ ဖြောင့်ဖြောင့်မတ်မတ် သတင်းပို့။ ခင်ဗျားတို့ကိုလည်း ကျွန်တော်တို့ကလည်း ဖြောင့်ဖြောင့်မတ်မတ်ပြောဖို့ တာဝန်ရှိတယ်။ ဒီလိုသဘောထားလေးတော့ ကြံုတုန်းပြောပါရစေ"ဟု ဦးဝင်းထိန်က ဇူလိုင်လ ၂ ရက်တွင် ပြောခဲ့သည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...