ဆိုင်ကယ်ဖြင့် ထွက်ပြေးသူများထံမှ လက်ပစ်ဗုံးနှင့် မိုင်းများအား ကြူကုတ်တွင် ဖမ်းဆီးရမိ

ဆိုင်ကယ်ဖြင့် ထွက်ပြေးသူများထံမှ လက်ပစ်ဗုံးနှင့် မိုင်းများအား ကြူကုတ်တွင် ဖမ်းဆီးရမိ
by -
မဇ္ဈိမ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကြူကုတ်မြို့အနီး ဆိုင်ကယ်ဖြင့်ထွက်ပြေးသူများထံမှ လက်ပစ်ဗုံးနှင့် မိုင်းများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇွန်လ ရ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇွန် ၆ ရက် ည ၁ဝ နာရီခန့်တွင် ကြူကုတ်မြို့ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် တပ်မတော်သားများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော လုံခြံုရေးပူးပေါင်းအဖွဲ့မှ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် နမ့်တောင်းဘက်မှ အမျိုးသား ၂ ဦး အရှိန်ပြင်းစွာမောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ စစ်ဆေးသည့် တပ်မတော်သားတစ်ဦးအား ပွတ်တိုက်ပြီး မြို့အတွင်းသို့ မောင်းနှင်ထွက်ပြေးသဖြင့် လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ ဆိုင်ကယ်အားထားပြီး မြို့တွင်းသို့ထွက် ပြေးသွားခဲ့သည်။

အဆိုပါ သေဆုံးသူထံမှ ကင်တိုဓားရှည်တစ်ချောင်း၊ ဆိုင်ကယ်တူးဘောက် အတွင်းမှ လက်ပစ်ဗုံး ၃ လုံးနှင့် နင်းမိုင်းအသေး ၃ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကာ ထွက်ပြေးသွားသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဇွန် ၆ ရက်ည ၁၂ နာရီ ၄ဝ မိနစ်ခန့်က ကြူကုတ်မြို့အရှေ့ဘက် မီတာ ၂၃၀၀ ခန့်အကွာရှိ နမ့်ဟူးရွာအနီးတွင် ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းအား အကြမ်းဖက် သောင်းကျန်းသူများက လမ်း၏ ညာဘက် ပေ ၅၀ ခန့်အကွာမှ အဝေးထိန်းစနစ် မိုင်း ၂ လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အုပ်ချုပ်မှုယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီး ရှေ့လေကာမှန်မိုင်းစထိမှန် ပျက်စီးခဲ့သည်။

အဆိုပါမိုင်းဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်နှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းက နယ်မြေ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...