အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အစိုးရဘက်မှ ညှိနှိုင်းနေ

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အစိုးရဘက်မှ ညှိနှိုင်းနေ
by -
မဇ္ဈိမ
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဒေသများတွင် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အစိုးရဘက်က ပြင်ဆင်နေသည်ဟု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောသည်။

"ညှိနှိုင်းနေပါတယ်၊ တတိယပင်လုံ အစည်းအဝေးမစမီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ဖို့ ညှိနှိုင်းနေပါတယ်" ဟု ဦးအောင်စိုးကဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့် ရရှိမည်ဖြစ်သည်။

ယင်းအခြေအနေကြောင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) နှင့် ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) က ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ အစည်းအဝေးမတိုင်မီ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ရရှိရန် အစိုးရထံတောင်းဆိုခဲ့သော်လည်း မရရှိခဲ့ပေ။

လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် ရှမ်းပြည်နယ်ဘက်တွင် ပြုလုပ်နိုင်ရန် အဓိကထား ညှိနှိုင်းနေမှုများ ပြုလုပ်နေသည်ဟု ဦးအောင်စိုး၏ ပြောဆိုချက်အရ သိရသည်။

"ရှမ်းဘက်ကို အဓိက ထား ညှိနှိုင်းနေတယ်ဗျ။ နေရာနဲ့ နေ့ရက်ပေ့ါဗျာ၊ ပြီးခဲ့တဲ့ကာလတုန်းကလည်း လုပ်ဖို့အတွက် ဆုံးဖြတ်ထားပြီး ဖြစ်ပေမယ့် နေရာလေးတစ်ခုညှိဖို့ အဆင်မပြေတာနဲ့ ကျန်ခဲ့တာလေ"ဟု ဦးအောင်စိုးကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အကြံပေး ဦးခွန်စိုင်း ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း သူအနေဖြင့် မသိရှိရသေးကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...