RCSS နှင့် TNLA တို့အကြား စစ်ရေးတင်းမာမှုများကို ဖြေရှင်းရေးအတွက် တွေ့ဆုံရန် လိုအပ်

RCSS နှင့် TNLA တို့အကြား စစ်ရေးတင်းမာမှုများကို ဖြေရှင်းရေးအတွက် တွေ့ဆုံရန် လိုအပ်
by -
မဇ္ဈိမ
နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင်လာသော စစ်ဘေးဒုက္ခသည်များ (ဓာတ်ပုံ- ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦး)
နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင်လာသော စစ်ဘေးဒုက္ခသည်များ (ဓာတ်ပုံ- ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦး)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား စစ်ရေးတင်းမာမှုများကို ဖြေရှင်းရန် တစ်ဖွဲ့နှင့် တစ်ဖွဲ့ အလွတ်သဘောတွေ့ဆုံရန် လိုအပ်နေသည်ဟု RCSS အကြံပေး ပြည်ထောင်စု အင်စတီကျူ မန်နေဂျင်း ဒါရိုက်တာ ဦးခွန်စိုင်းက ဆိုသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့မှစပြီး နေပြည်တော်တွင်ကျင်းပနေဆဲဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်နေသော  ဦးခွန်စိုင်းက ယခုကဲ့သိုု့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“TNLA နဲ့ တွေ့ဆုံတာ မရှိသေးဘူး၊ ရှိလာမယ်လို့ မျှော်လင့်တယ်၊ အချင်းချင်း နားလည်မှုမရှိတဲ့ ကိစ္စတွေကြောင့် တွေ့ဆုံ ဖြေရှင်းနိုင်မယ် ဆိုရင် ဒီပြဿနာတွေက ပြေလည်သွားမှာပါ” ဟု  ၄င်းက ဆိုသည်။

TNLA ပြန်ကြားရေးမှူး တာအိုက်ကျော်ကမူ ၄င်းတို့အနေဖြင့်  RCSS နှင့် တွေ့ဆုံညှိနှိုင်းရန် အဆင်သင့် ဖြစ်နေသော်လည်း လုံခြံုရေးအခြေအနေအရ အဆင်ပြေသည့်နေရာတွင်သာ တွေ့ဆုံလိုသည်ဟု   ပြောသည်။

“တရုတ်ပြည်၊ ပန်ဆန်း ၊ မိုင်းလား တစ်နေရာမှာ တွေ့ဖို့ အဆင်သင့်ရှိတယ်။ သူတို့ဘက်ကလည်း ချင်းမိုင်မှာပဲ အဆင်ပြေတယ်။ ချင်းမိုင်ကျတော့ ကျွန်တော်တို့အတွက် လုံခြံုရေးအရ အခက်အခဲ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေခြင်းကြောင့် ဒေသခံ ရွာသူရွာသား ၁၄၀၀ ကျော်ခန့် နမ္မတူ မြို့နယ်အတွင်းသို့ စစ်ဘေးတိမ်းရှောင်လာသည်ဟု သိရသည်။

 “စစ်ရေးတင်းမာမှုကြောင့် သူတို့ထွက်ပြေးလာတာ၊ စုစုပေါင်း တစ်ထောင်ကျော် ၊ ထောင့်လေးရာ ငါးရာလောက်တော့ရှိမယ်၊ တစ်ပတ်အတွင်း ရောက်လာကြတာ”ဟု ရှမ်းလူငယ်အဖွဲ့ ဥက္ကဌ စိုင်းအောင်မြင့်ဦးက ဆိုသည်။

စစ်ရေးတင်းမာမှုများကြောင့် ဒေသခံပြည်သူ တိုင်းရင်းသား အချင်းချင်းများကြားထဲတွင်ပါ တစ်ဦးနှင့် တစ်ဦး သံသယ ဝင်လာမှုတွေ ရှိနေသည်ဟုလည်း စိုင်းအောင်မြင့်ဦးက ဆိုသည်။

အဆိုပါ ထွက်ပြေးလာသူ အရေအတွက်တွင် အမျိုးသမီးနှင့် ကလေးဦးရေ ထက်ဝက်ခန့်ပါ၀င်ကြောင်း သိရသည်။

“ဆွေးနွေးမယ်ဆိုရင်တော့ ၀မ်းသာပါတယ်လေ၊ တကယ် အိမ်တွေပစ်ပြီး ထွက်ပြေးရတာက ကျွန်မတို့ပဲ ဆိုတော့ မြန်မြန်ပြီးချင်နေပြီ” ဟု နမ္မတူမြို့ သို့ စစ်ဘေးတိမ်းရှောင်လာသူ တစ်ဦးဖြစ်သည့် မမြတ်အေးက ဆိုသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ၂၀၁၅ နိုဝင်ဘာလတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပေါင်း ၁၁၆ကြိမ်အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား စစ်ရေးတင်းမာမှုများကို ဖြေရှင်းရန် ညီညွတ်ရေးတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ကြားဝင်ဖျန်ဖြေရန် အဖွဲ့တစ်ဖွဲ့ကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ လအတွင်း ဖွဲ့စည်းပေးထားခဲ့ပြီး ဖြစ်သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...