အဖွဲ့အားလုံး NCA ထီးရိပ်အောက် ရောက်လာအောင် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အဖွဲ့အားလုံး NCA ထီးရိပ်အောက် ရောက်လာအောင် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
by -
မဇ္ဈိမ
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်မထိုးရသေးသည့် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ NCA Umbrella အောက် ရောက်ရှိလာအောင် တွေ့ဆုံဆွေးနွေးရေးတံခါးကိုဖွင့်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ MICC-2 တွင် မေလ ၂၄ရက်က စတင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြားစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်ရာမှာ ဖက်ဒရယ်စနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မူတွေ ထွက်ပေါ်လာအောင် ဦးတည်ကြိုးပမ်းသွားဖို့ မျှော်မှန်းထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုသို့ ကြိုးပမ်းရာတွင် အများကြိုက်သည့် ပေါ်ပင်နည်းလမ်းဖြင့် ဖိအားပေး၊ အကျပ်ကိုင်မည်မဟုတ်ဟု ဆိုသည်။

“ပေါ်ပင်အများကြိုက်မယ့် နည်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေးအရ အကျပ်ကိုင်တာမျိုး ကျွန်မတို့ လုပ်မှာ မဟုတ်ပါဘူး။ အားလုံးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေ ရရှိအောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု အဖွင့်အမှာစကားတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသည်။

သဘောထားကွဲလွဲမှုများအပေါ် ဘုံသဘောတူညီချက်ရရှိစေရန် ဆွေးနွေးညှိနှိုုင်းသည့် ယဉ်ကျေးမှုသည် အားပျော့ခြင်း၊ အလျှော့ပေးခြင်း မဟုတ်သလို မည်သူနှင့်မဆို စေ့စပ်ညှိနှိုင်းဆွေးနွေးရန် စိုးရိမ်စရာမလိုဟုလည်း သူမက ပြောသည်။

မေလ ၂၄ရက်မှ ၂၈ရက်ထိ ၅ရက်ကြာကျင်းပမည့် ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် မြောက်ပိုင်းမဟာမိတ် ရဖွဲ့ကလည်း အထူးဖိတ်ကြားသူအနေဖြင့် တက်ရောက်လျက်ရှိနေသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...