ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ဖွင့်ပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ တက်ရောက်ဖွယ်ရှိနေ

ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ဖွင့်ပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ တက်ရောက်ဖွယ်ရှိနေ
by -
မဇ္ဈိမ
မွန်ပြည်နယ် ချောင်းဆုံရှိ အမည်အငြင်းပွားမှုဖြစ်နေသည့် တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အမည်ဖြင့် မေလ ၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ ဖွင့်ပွဲကို နိုင်ငံတော်အဆင့်ပုဂ္ဂိုလ် တက်ရောက်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကဆိုသည်။

"နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်လို့ပဲ ကျွန်တော် ပြောထားသေးတယ်၊ ထင်တာကတော့ ပြည်သူ့လွှတ်တော် ဥက္ကဌ တက်လိမ့်မယ် ထင်တယ်" ဟု ဒေါက်တာအေးဇံကဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံပြောဆိုချက်အရ အဆိုပါတံတားဖွင့်ပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် တက်ရောက်ဖွယ်ရှိနေပြီး   ဆောက်လုပ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တက်ရောက်မည် ဖြစ်သည်။

သို့သော် ဖခင်နာမည် ဂုဏ်ပြုခေါ်ဆိုထားသော အဆိုပါတံတားဖွင့်ပွဲအား သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိပေ။

တံတားမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသော သံလွင်မြစ်ကူးတံတားဖြစ်ပြီး သံလွင်တံတား(ချောင်းဆုံ) အမည်မှ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်သို့ ပြောင်းလဲခြင်းအပေါ် ဒေသခံများက ပြင်းထန်စွာကန့်ကွက်ခဲ့ကြသည်။

သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပြောင်းလဲခြင်းကို ကန့်ကွက်ကြောင်း ချောင်းဆုံဒေသခံ ၃၀၀ခန့်က မတ်လ ၂ ရက်က ဆန္ဒဖော်ထုတ်ခဲ့ပြီး မတ်လ ၁၉ ရက်တွင်လည်း မော်လမြိုင်မြို့ပေါ်၌ လူအင်အားသောင်းချီ ထပ်မံဆန္ဒဖော်ထုတ်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၅ ရက်ကလည်း ပြည်ခိုင်ဖြိုး(USDP) အပါအဝင် နိုင်ငံရေးပါတီ ၁၅ ခုတို့မှ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးခြင်းကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် မုန်းတီးရေး၊ လူမျိုးရေးနှင့် ပဋိပက္ခများအတွက် တာဝန်ယူရမည်ဟု ဖော်ပြထားသည်။

မွန်ပြည်နယ်ရှိ ဒေသခံများအကြား အငြင်းပွားမှုများဖြစ်ပွားနေသည့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို ဧပြီ ၂၇ ရက်မှစတင်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဧပြီ ၂၇ ရက်က ကြေညာထားသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...