လူထုအကျိုးအတွက် ရဲရဲတင်းတင်းလုပ်ဆောင်ကြရန် အစိုးရအဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လူထုအကျိုးအတွက် ရဲရဲတင်းတင်းလုပ်ဆောင်ကြရန် အစိုးရအဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
by -
မဇ္ဈိမ
အစိုးရအဖွဲ့ဝင်တွေဟာ စိုးရိမ်စိတ်များပြီး ရဲရဲတင်းတင်း မလုပ်ရဲကြဘူးလို့ ဦးဝင်းထိန်က ပြောပါတယ် (ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)
အစိုးရအဖွဲ့ဝင်တွေဟာ စိုးရိမ်စိတ်များပြီး ရဲရဲတင်းတင်း မလုပ်ရဲကြဘူးလို့ ဦးဝင်းထိန်က ပြောပါတယ် (ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)
နေပြည်တော်(ဧပြီလ ၂၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်သူလူထုအကျိုးအတွက် စိုးရိမ်စိတ်ဖျောက်ပြီး ရဲရဲတင်းတင်းလုပ်ဆောင်ကြရန် အစိုးရအဖွဲ့ဝင်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။

“လက်တွေ့အလုပ်လုပ်တဲ့အခါမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကော၊ ပြည်ထောင််စုအဖွဲ့တွေကောက ရဲရဲမလုပ်ရဲကြဘူး။ စိုးရိမ်ပြီးအမှားပါမှာ ကြောက်နေတာ။ အဂတိတရား နည်းပါးတာတော့ မှန်တယ်။ ဒါပေမယ့် သူလုပ်တဲ့ဟာ အထင်လွဲမှာလား။ အဂတိတရားဖြစ်မှာလားလို့ စိုးရိမ်မှုလည်း ရှိတယ်။ တခြားစိုးရိမ်မှုလည်း ရှိတယ်။ အဲ့စိုးရိမ်မှုတွေ ဖျောက်ပြီးတော့မှ ရဲရဲလုပ်ကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်လည်း တိုက်တွန်းထားတယ်” ဟု ဦးဝင်းထိန်က ဧပြီလ ၂၀ရက်တွင် မီဒီယာများကို ပြောသည်။

အစိုးရအဖွဲ့ဝင်များ၏ စေတနာအမှားအား ခွင့်လွတ်နိုင်သည်ဟုလည်း ဦးဝင်းထိန်က ဆိုသည်။

“မှားတာကကိစ္စမရှိဘူး။ စေတနာနဲ့မှားတာက ကျွန်တော်တို့က ခွင့်လွတ်လို့ရတယ်။ ပြည်သူလူထုအကျိုးအတွက်ဆိုရင် ရဲရဲလုပ်ကြ” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီးဌာန ၂၁ခုဖြင့် လည်ပတ်နေသည့် NLD ဦးဆောင်သော အစိုးရအနေဖြင့် ဒုတိယဝန်ကြီးမရှိသည့် ဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီးများကို ပြန်လည်ခန့်အပ်သွားမည် ဖြစ်သည်။

အခြားတဖက်တွင်လည်း တိုးတက်မှုမရှိသည့် ဝန်ကြီးများကို ပြောင်းလဲခန့်အပ်မည်ဟု မတ်လ ၃၀ရက်က နိုင်ငံတော်အစိုးရတာဝန်ယူမှု သက်တမ်းတစ်နှစ်ပြည့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

“ကျွန်မတို့ ရွေးထားတဲ့ ဝန်ကြီးများဟာ အားလုံး အတော်ဆုံးလား၊ အကောင်းဆုံးလား ဆိုတာဟာ ဒါတော့လည်း အချိန်ကပဲ ပြသွားမှာပါ။ တစ်ချို့က တိုးတက်မှု ပိုနှေးတယ်၊ တစ်ချို့က တိုးတက်မှု ပိုမြန်တယ်။ ဒါပေမယ့် တစ်ချို့တွေကလည်း ရောက်နေတဲ့နေရာနဲ့ သင့်တော်ချင်မှ သင့်တော်မယ်။ ဒါတွေကတော့ ကျွန်မတို့ ကြည့်ပြီးတော့ ပြောင်းသင့်ပြောင်းထိုက်တာကို ပြောင်းရမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က တစ်နှစ်ပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

NLD ဦးဆောင်သည့် အစိိုးရသက်တမ်းတစ်နှစ်ကျော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း၏ နေရာတွင် ဦးလှကျော်အား အစိုးထိုးခန့်အပ်ခြင်းနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၏ နေရာတွင် ဒေါက်တာအေးဇံအား အစားထိုးခန့်အပ်မှုများ ပြုလုပ်ခဲ့သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...