ပုဂံဘုရားများ အလျင်စလို မပြင်ဘဲ ယူနက်စကို နည်းပညာ အကူအညီဖြင့်သာ ပြင်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

ပုဂံဘုရားများ အလျင်စလို မပြင်ဘဲ ယူနက်စကို နည်းပညာ အကူအညီဖြင့်သာ ပြင်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
by -
မဇ္ဈိမ
သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသည့် ပုဂံဘုရားများကို အလျင်စလို မပြုပြင်ဘဲ ယူနက်စကိုနည်းပညာ အကူအညီဖြင့် စနစ်တကျ ပြန်လည်ပြုပြင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်သည်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုး ၁၈၇ ဆူကို အလျင်စလို မပြုပြင်ရန်၊ ယူနက်စကို၏နည်းပညာ အကူအညီဖြင့်Work Plan ပြုလုပ်၍ သေချာစီမံရန် မှာကြားထားသည်” ဟု ရေးသားထားသည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး စသည့် သမ္မတ ဦးဆောင်သော ဝန်ကြီးလေးပါးတို့လည်း ပုဂံမြို့သို့ သွားရောက်နေကြောင်း ရေးသားထားသည်။

အလားတူ “လူမှုကယ်ဆယ်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြေငလျင်သင့်ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ အလားတူ နယ်မြေခံတပ်မတော်တပ်ရင်းများမှ လုံခြုံရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက် ရှိသလို အုပ်ချုပ်ရေး အဖွဲ့အစည်းများကလည်း ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူရေး၊ အပျက်အစီးများ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။” ဟု ဆိုသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုသည်လည်း “ပျက်စီးဆုံးရှုံးခဲ့ရသည့် ပုဂံဒေသ ဘုရားပုထိုးစေတီများ ပြန်လည် ထိန်းသိမ်ရေးကိစ္စများကို ဆက်လက်ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး တာဝန်ရှိသူများ၊ အမြဲတမ်း အတွင်းဝန်ဒေါက်တာဒေါ်နန္ဒာမွှန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနရှိ ဗိသုကာ အင်ဂျင်နီယာ အဖွဲ့များ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊အသိပညာရှင် အတတ်ပညာရှင်များနှင့် အစည်းအဝေး ပြုလုပ်” နေကြောင်း ရေးသားဖော်ပြထားသည်။ ဓာတ်ပုံ-အီးပီအေ

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...