ကူကီးတိုင်းရင်းသားဖိုရမ်ကျင်းပစဉ် တားဆီးခံရ၍ နေရာပြောင်းကျင်းပ

ကူကီးတိုင်းရင်းသားဖိုရမ်ကျင်းပစဉ် တားဆီးခံရ၍ နေရာပြောင်းကျင်းပ
by -
မဇ္ဈိမ
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရွှေပြည်သာရပ်ကွက်ရှိ ကူကီးအမျိုးသမီးများစင်တာတွင် သြဂုတ် ၁၉ရက်က ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံကြိုဆိုထောက်ခံပွဲနှင့် ကူကီးတိုင်းရင်းသားများဖိုရမ် ကျင်းပနေစဉ် အာဏာပိုင်းများက လာရောက် တားဆီးသဖြင့် အခမ်းအနား ဒုတိယပိုင်းကို စော်ဘွား (၅)ရပ်ကွက်ရှိ ကူကီးခရစ်ယာန်အသင်းတော်သို့ ပြောင်းရွှေ့ပြုလုပ်ခဲ့ရသည်။

ဒေသအာဏာပိုင်အဖွဲ့မှ ဆိုင်းပုဒ်များဖြုတ်ရန်နှင့် ပွဲကိုဆက်လက်မပြုလုပ်ရန် တားမြစ်ခဲ့သည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ငိုင်ငိုင်း ကပြောသည်။

"ကျွန်မတို့အနေနဲ့အမြင်ကတော့ ဒီထောက်ခံပွဲကို ကျွန်မတို့ပြည်မှာနေထိုင်တဲ့ တိုင်းရင်းသားအားလုံးနဲ့သက်ဆိုင်တဲ့ဟာဖြစ်တယ်။အခုလိုလုပ်တာကို အထွေထွေအုပ်ချုပ်ရေးမှူးကတားတာဟာ တကယ်ပဲ တိုင်းရင်းသားညီညွှတ်ရေးကို မလိုလားလို့တားတာလား ဒါမှမဟုတ် ကျွန်မတို့အတူယှဉ်တွဲငြိမ်းချမ်းစွာနေထိုင်တာကို မလိုလားတာလား။ ကျွန်မတို့ကတော့ ဒီပွဲကို ဆက်ပြီးကျင်းပသွားမှာပါ။"ဟု ဒေါ်ငိုင်ငိုင်း ကပြောသည်။

အဆိုပါပွဲကို မူလက တမူးမြို့၊ ဧပရယ်မွန်ခန်းမတွင်ကျင်းပရန် ပြင်ဆင်ထားသော်လည်း တမူးခရိုင်ထွေအုပ်မှ သြဂုတ်လ ၁၇ ရက်တွင်တားမြစ်ခဲ့သောကြောင့် ဒုတိယနေရာ ကူကီးအမျိုးသမီးများစင်တာတွင် ယနေ့ကျင်းပခဲ့သည်။ ထိုသို့ကျင်းပလျှက်ရှိရာ ဒေသအာဏာပိုင်များမှ ဆက်လက်တားဆီးခဲ့ခြင်းကြောင့် တတိယနေရာအဖြစ် ကူကီးခရစ်ယာန်အသင်းတော် သို့ပြောင်းရွှေ့ပြုလုပ်ခဲ့ ရခြင်းဖြစ်သည်။

အဆိုပါပွဲကို ၂ ရက်ကျင်းပမည်ဖြစ်ရာ ဒုတိယနေ့ကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါတားဆီးခြင်းနှင့်ပတ်သက်၍ တမူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက "၂၁ ပင်လုံညီလာခံကြိုဆိုထောက်ခံပွဲကို တားတာမဟုတ်ပါဘူး။ ကူကီးတိုင်းရင်းသားဖိုရမ်ကို တားတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကူကီးတိုင်းရင်းသားက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာမပါလို့ပါ။ မပါပဲနဲ့ခွင့်ပြုလိုက်ရင် ပြဿနာတက်နိုင်ပါတယ်။"ဟု သြဂုတ်လ ၁၈ ရက်က မဇ္ဈိမ ကိုဖြေထားသည်။

မြန်မာနိုင်ငံတွင် ကူကီးတိုင်းရင်းသားများသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တမူး၊ ဟုမ္မလင်း၊ ခန္တီး၊ လေရှီး၊ ခမ်းပတ်၊ကလေးမြို့တို့တွင် အများစုနေထိုင်ကြပြီး ချင်းပြည်နယ်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်နှင့် နေပြည်တော်တို့တွင် အနည်းငယ်နေ ထိုင်ကြောင်းသိရသည်။

အဆိုပါပွဲသို့ ကူကီးတိုင်းရင်းသား ၃၀၀ ကျော်တက်ရောက်လျှက်ရှိပြီး အခန်းအနားပြီးဆုံးပါက ကူကီးတိုင်းရင်းသားများနှင့် သက်ဆိုင်သည့်ကြေညာချက်တစ်စောင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...