၂၁ရာစု ပင်လုံညီလာခံအတွက် အရေးကြီး မူဝါဒများ ဒေါ်အောင်ဆန်းစုကြည် ချမှတ်

၂၁ရာစု ပင်လုံညီလာခံအတွက် အရေးကြီး မူဝါဒများ ဒေါ်အောင်ဆန်းစုကြည် ချမှတ်
by -
မဇ္ဈိမ
လာမည့် ဩဂုတ်လကုန်မတိုင်မီ ကျင်းပဖွယ်ရှိသည့် ၂၁ရာစု ပင်လုံညီလာခံ(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ)ကျင်းပနိုင်ရေးအတွက် အရေးကြီးသည့်  မူဝါဒများအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်လိုက်သည်ဟု အစည်းအဝေးတက်ရောက်သူများက ပြောသည်။

နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ဇူလိုင် ၅ရက်က ကျင်းပပြုလုပ်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က မူဝါဒများ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ချမှတ်လိုက်သည့် မူဝါဒများမှာ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အနည်းဆုံး တစ်ခုတွင်ပင် အနိုင်ရရှိခြင်းမရှိသည့် နိုင်ငံရေးပါတီများ ညီလာခံတွင် ပါဝင်ခွင့်ရရေးအတွက် တတ်နိုုင်သည့်နည်းလမ်းဖြင့် ဖြေလျှော့ပေးရန်၊ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ညီလာခံတက်ရောက်မည်ဆိုပါက ရရှိမည့်အခွင့်အရေးကို နည်းလမ်းရှာရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရံပုံငွေများအား NRPC ကသာ ကိုင်တွယ်သွားမည်ဟူသည့် မူဝါဒများ ချမှတ်ခဲ့ကြောင်း ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးဇော်ဌေးက အစည်းအဝေးအပြီးတွင် ပြောသည်။

"အဓိက ဦးတည်တာကတော့ ပင်လုံညီလာခံကို ဘယ်မူဝါဒနဲ့ သွားမယ်ဆိုတာ မူဝါဒဆုံးဖြတ်တဲ့ အစည်းအဝေး ဖြစ်ပါတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

"မူဝါဒကတော့ နံပါတ်တစ်မူဝါဒက အရေးကြီးပါတယ်။ အရေးကြီးတာက ဘာလည်းဆိုတော့ NCA မထိုးသေးတဲ့အဖွဲ့တွေ ပင်လုံညီလာခံမှာတက်ရင် ဘာအခွင့်အရေးရမလဲပေါ့နော်။ ဒါကို သူက မူချပေးသွားတယ်။ အဲ့ဒါကို အတိအကျတော့ ပြောလို့မရသေးဘူး" ဟု ဦးဇော်ဌေးက ဆိုသည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် အရေးကြီးသည့် မူဝါဒများ ချမှတ်နိုင်ခဲ့သည်ဟုလည်း ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောဆိုခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် အစိုးရလက်ထက်က ငြိမ်းချမ်းရေးအတွက် ဖွဲ့စည်းထားသည့် မြန်မာငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန(MPC)နေရာတွင် ပြန်လည်ဖွဲ့စည်းမည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ကိုမူ ဒေါ်အောင်ဆန်းစုကြည်ကသာ ဦးဆောင်သွားမည်ဖြစ်သည်။

"NRPCရဲ့ သဘောက ငြိမ်းချမ်းရေးတစ်ခုထဲတင်မဟုတ်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျန်တဲ့ ပြန်လည်သင့်မြတ်ရေးဆောင်ရွက်ချက်တွေ ဥပမာ ရခိုင်ကိစ္စလိုဟာမျိုးတွေကို ဒီစင်တာက ကိုယ်တွယ်သွားမယ်" ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါ NRPC အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် နိုင်ငံတစ်ကာ အကူညီ၊ အထောက်အပံ့များကို ကိုင်တွယ်သွားမည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...