တပ်မတော်မှ ဆဲဗင်းဒေးသတင်းစာကို အမှုဖွင့်ခြင်းသည် မီဒီယာကောင်စီကို အသိအမှတ်မပြုရာရောက်ဟုဆို

တပ်မတော်မှ ဆဲဗင်းဒေးသတင်းစာကို အမှုဖွင့်ခြင်းသည် မီဒီယာကောင်စီကို အသိအမှတ်မပြုရာရောက်ဟုဆို
by -
မဇ္စျိမ
တပ်မတော်က 7Day Daily သတင်းစာကို အမှုဖွင့်ခြင်းဟာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အသိအမှတ်မပြုရာရောက်ကြောင်း ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က မှတ်ချက်ပြုလိုက်သည်။

“တပ်ချုပ်နဲ့နှစ်ခါ၊သုံးခါ တွေ့တုန်းကလည်း ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ပြောခဲ့တာတွေရှိပါတယ်။ ကောင်စီရဲ့ကွန်ပလိန်းအနေနဲ့ဖြေရှင်းပေးမယ်လို့ပြောခဲ့တယ်၊ အဲ့ဒီ့တုန်းကတော့ လက်ခံတဲ့သဘောပြတယ်၊ အခုကိစ္စကတော့ ထူးဆန်းတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဇွန်လ၂၅ရက်နေ့ရက်စွဲဖြင့် ကမာရွတ်ရဲစခန်း၌ ရန်ကုန်တပ်နယ်မှ တပ်နယ်မှူးဒုဗိုလ်မှူးကြီး လင်းထွန်းက အမှုဖွင့်ထားခြင်းဖြစ်သည်။ ထိုနေ့ နံနက်က (ပ)၃၃၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ၁၃၁ဖြင့်   အမှုဖွင့်သွားခြင်းဖြစ်ကြောင်း ကမာရွတ်ရဲစခန်းမှ အတည်ပြုပြောသည်။

ဧပြီလ၂၄ရက်ထုတ် 7Day Daily သတင်းစာတွင် ဖော်ပြပါရှိသော “စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း” ဆိုသည့် သတင်းကြောင့် အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း နှင့် သတင်းထောက် ကိုမင်းဟိန်းကျော်တို့ကို အရေးယူပေးရန် အမှုဖွင့်ခြင်းဖြစ်သည်။

သူရဦးရွှေမန်း၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာက ဧပြီ ၂၃ ရက်တွင် ကျရောက်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၁) ရဲ့(၄၇) နှစ်မြောက် ကျောင်းဆင်းပွဲ နှစ်ပတ်လည်အထိမ်းအမှတ် မေတ္တာမွန်စာလွှာပါ အကြောင်းအရာများကို ကိုးကားရေးသားခဲ့သည့် သတင်းကြောင့် ယခုကဲ့သို့ အမှုဖွင့်ခြင်းဖြစ်သည်။

7Day Daily သတင်းစာမှ ဒုတိယ အယ်ဒီတာချုပ်ကိုအားမာန်က “အခုက စွဲထားတဲ့ အမှုကလည်းကြီးတယ်၊ စွဲတာလည်းတပ်မတော်ကဆိုတော့ လောလောဆယ်မှာဆွေးနွေးနေဆဲမို့ ဘာမှတ်ချက်မှတော့ မပေးချင်သေးပါဘူး။ ပြောလိုက်မှ တစ်ခုခုဖြစ်သွားမှာ၊ ပိုကြီးသွားမှာလည်းစိုးပါတယ်” ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

ယင်းအမှုနှင့်ပတ်သက်၍ မေးမြန်းရန် ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသော ပြောရေးဆိုခွင့်ရှိသူများ၏ ဖုန်းနံပါတ်များကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းဖြေဆိုခြင်းမရှိပေ။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...