ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး သတင်းမီဒီယာအဖွဲ့အစည်းများနှင့် သီးသန့်တွေ့ဆုံ

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး သတင်းမီဒီယာအဖွဲ့အစည်းများနှင့် သီးသန့်တွေ့ဆုံ
by -
မဇ္စျိမ
ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Jean-Marc AYRAULT သည် မြန်မာသတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ မီဒီယာအဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများနှင့် ဇွန် ၁၈ ရက်က ပြင်သစ်ယဉ်ကျေးမှုဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ မီဒီယာလွတ်လပ်ခွင့်အခြေအနေ၊ မီဒီယာဖွ့ံဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်လျက်ရှိသည့် မီဒီယာသင်တန်းများ၊ လူငယ်သတင်းထောက်များ အရည်အသွေးမြှင့်တင်ရေးနှင့် လိုအပ်သည့် အထောက်အပံ့များ၊ ပုဂ္ဂလိက မီဒီယာအချို့ ရင်ဆိုင်နေရသည့် ပြဿနာများ စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာသတင်းပညာသိပ္ပံမှ ကျောင်းသားများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး လူငယ်များအတွက် အခွင့်အလမ်းများဖန်တီးရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

“မြန်မာနိုင်ငံမှာစစ်အစိုးရလက်ထက်တုန်းက အခွင့်အရေးတွေဆုံးရှံုးခဲ့တဲ့ မိဘတွေနဲ့မတူဘဲ ပိုကောင်းတဲ့အနာဂတ်ကို အခုခေတ်လူငယ်တွေနဲ့ နောင်မျိုးဆက်သစ်လူငယ်တွေ ပိုင်ဆိုင်ဖို့ဖန်တီးပေးတဲ့နေရာမှာ သေသေချာချာလုပ်ဆောင်သွားဖို့လိုပါတယ်။ အဲဒီအတွက် ပြင်သစ်နိုင်ငံအနေနဲ့လည်း ကူညီသွားဖို့ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ တွေ့့ဆုံပွဲကို မြန်မာသတင်းပညာသိပ္ပံမှ အဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးသီဟစော၊ မဇ္ဈိမမီဒီယာမှ အယ်ဒီတာချုပ် ဦးစိုးမြင့်နှင့် ပြည်သူ့ခေတ်ဂျာနယ်အယ်ဒီတာချုပ် ဒေါ်လွတ်လပ်စိုး တို့အပါအဝင် မြန်မာသတင်းပညာသိပ္ပံမှ သင်တန်းသားအချို့ တက်ရောက်ခဲ့ကြပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၊ ပြင်သစ်သံရုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံကို လေးရက်ကြာလာရောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မြန်မာအစိုးရနှင့် ပူးပေါင်းကူညီဆောင်ရွက်သွားရန် ရှိသည်ဟု သိရသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...