“ရွေးကောက်ပွဲလွန်ကာလ Transition နှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ လွှတ်တော်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရဖွဲ့စည်းရေးဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ နှစ်နာရီကြာ တွေ့ဆုံမှုကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်း တို့ တက်ရောက်ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် နိုင်ငံ တစ်နိုင်ငံအတွက် သေရေး၊ ရှင်ရေးတမျှ အရေးကြီးသည်ဟုဆိုကာ တိုင်းပြည် တည်ငြိမ်ရေးအတွက် အစိုးရသစ်နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂၄ ရက်က ပြောဆိုခဲ့သေးသည်။
တပ်မတော်သည် “ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် မယိမ်းမယိုင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရန် ထိန်းသိမ်း လုပ်ဆောင်ခဲ့ကြောင်း၊ နောင်အစိုးရနှင့်လည်း တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားရမည်” ဟု နေပြည်တော် ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံစဉ် ပြောခဲ့ခြင်းဖြစ်သည်။
အလားတူ “တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် သေရေးရှင်ရေး တမျှ မရှိမဖြစ်အရေးကြီး လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ချိန်မှ သတ်မှတ်ကာလအတွင်း လုပ်ငန်းစဉ်များ ပြီးပြတ်အောင် လုပ်ဆောင်ရမည်” ဟုလည်း ပြောဆိုခဲ့သည်။
ဇန်နဝါရီ ၂၅ ရက် တွေ့ဆုံမှု အသေးစိတ်ကိုမူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ ထုတ်ပြန်ခြင်းမရှိသေးပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီနှင့် ပတ်သက်၍ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ ပြောဆိုခွင့်ရှိသူအဖြစ် သတ်မှတ်ထားသည်။







