အစိုးရသစ်အဖွဲ့တွင် တိုင်းရင်းသားများ ဂုဏ်ပြုခံရရုံသက်သက်ပါဝင်လိုပါက တိုင်းပြည်အတွက် နှောင့်နှေးနိုင်

အစိုးရသစ်အဖွဲ့တွင် တိုင်းရင်းသားများ ဂုဏ်ပြုခံရရုံသက်သက်ပါဝင်လိုပါက တိုင်းပြည်အတွက် နှောင့်နှေးနိုင်
by -
မဇ္စျိမ
 လာမည့်အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးများ လုပ်မည်ဖြစ်သည့်အတွက်  တိုင်းရင်းသားများ အနေဖြင့် အစိုးရသစ်အဖွဲ့တွင် ဂုဏ်ပြုခံရရုံသက်သက် ပါ၀င်လိုပါက တိုင်းပြည်အတွက် နှောင့်နှေးနိုင် ကြောင်း SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသစ်အဖွဲ့တွင် တိုင်းရင်းသားများ ပါ၀င်ခွင့် တောင်းဆိုမှုများနှင့် ပတ်သက်၍  မဇ္စျိမက မေးမြန်းစဉ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

"တိုင်းရင်းသားတွေထဲက ဂုဏ်ပြုခံ ရာထူးလောက် တောင်းနေရင်တော့ ၊ ပေးဖို့ စဉ်းစားတယ်ဆိုရင် တော့ မမှန်ဘူး ထင်ပါတယ်။ အခု အစိုးရသစ်ဟာ တိုင်းပြည်ကို အကုန်ပြောင်းရမယ့် အစိုးရ ဖြစ်နေ တယ်။ အစိုးရသစ်မှာတော့ တိုင်းရင်းသားတွေကို ထည့်ဖို့ဆိုတာ ပြောနေခဲ့တာတွေ ရှိပါတယ်။ အမှန် ကတော့ တိုင်းရင်းသားတွေကို ထည့်သွင်းမယ်၊ တိုင်းရင်းသားတွေက လည်း တောင်းဆိုတယ်။ သို့ သော်လည်း အခုအစိုးရက အပြောင်းအလဲကို အကြီးအကျယ် လုပ်ရမဲ့ အစိုးရအဖွဲ့ ဆိုတာကိုလည်း မမေ့သင့်ဘူးလေ။ တိုင်းရင်းသားထဲကဆိုပြီး ဂုဏ်ပြုပါဝင်ဖို့လောက်ကို တွက်ရင်တော့ တိုင်းပြည်အတွက် နှောင့်နှေးနိုင်တာပေ့ါ"ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

အစိုးရသစ်အနေဖြင့် အပြောင်းအလဲအား အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများနှင့် တပြိုင် နက်တည်း လုပ်ဆောင်ရမည် ဖြစ် သည့်အတွက်  ဂုဏ်ထူးဆောင် အစိုးရလူကြီးတွေ မလိုအပ်ကြောင်း ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရသစ်အဖွဲ့တွင် တိုင်းရင်းသားများကို ထည့်သွင်း ဖွဲ့ စည်းသွားမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်စုကြည်က ပြောကြားထားပြီး လက်ရှိတွင် တိုင်းရင်းသားပါတီ များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်း မရှိသေးသည့်အတွက် ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ မဲအပြတ်သတ်ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းရမည်ဖြစ်ပြီး ပြည်နယ် နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များ ဖွဲ့စည်းရာတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတမှ တိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့် ရရှိထားခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြည်နယ်အစိုးရ ဖွဲ့စည်းရေးနှင့် ပတ်သက်၍လည်း ရခိုင်အမျိုးသားပါတီ (ANP ) က ဦးဆောင်ဖွဲ့စည်းခွင့် မရရှိပါက အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမည်ဟု ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းသို့ထုတ်ပြန်ခဲ့မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော် မတီဝင်တစ်ဦးက ဖွဲ့စည်းပုံအရသာ ဆောင်ရွက်သွားမည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရအမတ်အများစု တက်ရောက်မည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းဝေးများကို ဖေဖေါ်ဝါရီ လ(၁)ရက်နေ့တွင် စတင် တော့မည်ဖြစ်ပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် သူများတွင် တိုင်းရင်းသား သုံးဦး ပါ၀င်နေကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြည်ပသတင်းဌာနတစ်ခုသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...