အာဏာလွှဲရန် အဆင်သင့်ဖြစ်ပြီဟုပြောကာ လွှတ်တော်သို့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် သွားနှုတ်ဆက်

အာဏာလွှဲရန် အဆင်သင့်ဖြစ်ပြီဟုပြောကာ လွှတ်တော်သို့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် သွားနှုတ်ဆက်
by -
မဇ္စျိမ
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၄ကြိမ်မြောက် နောက်ဆုံးအစည်းအဝေးတွင် အာဏာလွှဲရန် အဆင့်သင့်ဖြစ်ပြီဟု ပြောကာ လွှတ်တော်သို့ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က လွှတ်တော်ကိုယ်စားလှယ်များအား ဇန်နဝါရီ ၂၁ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် သွားရောက် နှုတ်ဆက်စကား ပြောသည်ကိုတွေ့ရသည်။

ပြည်သူများ စိတ်ကြိုက်ရွေးချယ်မှုဖြင့် အစိုးရသစ်ဖြစ်လာတော့မည်ဖြစ်ကြောင်း ပြည်သူများ၏ ရွေးချယ်မှုအပေါ် ကျွန်တော်တို့အစိုးရ အနေဖြင့်လည်းကောင်း၊ ပါတီအနေဖြင့်လည်းကောင်း   ကျေနပ်လက်ခံပြီး ရလဒ်အတိုင်းသာ ဆက်သွားမှာဖြစ်ကြောင်း ၎င်းကလွှတ်တော်တွင် ပြောကြားသည်။

"ကျွန်တော်တို့ အစိုးရအနေနဲ့ အစိုးရသစ်ကို လွှဲပြောင်းဖို့ပြင်ဆင်ထားပြီး နောက်လာမယ့် အစိုးရသစ်အတွက် အခြေခံကောင်းတွေ ရအောင် ဆောင်ရွက်ပေးမှာပါ၊ လွှတ်တော်တင်ပြထားတဲ့ စီမံကိန်းတွေဟာ အစိုးရသစ်အတွက် အခြေခံကောင်းတွေရအောင် တဆက်တည်း လုပ်ငန်းတွေ ဆောင်ရွက်သွားနိုင်အောင် တင်ပြခဲ့တာပါ၊ ဒါတွေက လာမယ့်အစိုးရသစ်အတွက် ဖောင်ဒေးရှင်းကောင်းတွေ ချမှတ်ပေးတာဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်က ဆိုသည်။

အစိုးရသက်တမ်းကာလတွင် စေတနာအရင်းခံထားကာ ဦးစီးလုပ်ဆောင်ခဲ့ကြောင်း၊ တက်လာမည့် အစိုးရသစ်အနေဖြင့် ကျွန်တော်တို့၏ လုပ်ဆောင်မှုကို ကြည့်၍ရပါကြောင်း၊ ကိုယ့်ဒေသအတွက် အကောင်းဆုံးကြိုးပမ်းခဲ့ရာတွင် အားနည်းချက်များရှိသလို အားသာချက်များ လည်းရှိကြောင်း၊ သို့သော်လည်း တိုင်းပြည်ကောင်းအောင် အစိုးရတိုင်းဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

"လူပုဂ္ဂိုလ်တွေ အားနည်းချက် မူဝါဒပိုင်းအားနည်းချက် လူမှုရေးလုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ဒီလိုအားနည်းချက်တွေက အားနည်းချက်ဖြစ်ပေါ်လာပါတယ်၊ ကျွန်တော်တို့ နိုင်ငံအစိုးရ အဆက်ဆက်ကြည့်ရင် ပါလီမန်အစိုးရလည်း သူကောင်းအောင်လုပ်တာပါ၊ ဆိုရှယ်လစ်အစိုးရလည်း ဆိုရှယ်လစ်ခေတ်မှာ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်ကြတာပါပဲ၊ တပ်မတော်အစိုးရလည်း တပ်မတော်အစိုးရ ထုံးတမ်းအစဉ်အလာနဲ့အညီ တိုင်းပြည်ကောင်းအောင် ကြိုးစားဆောင်ရွက်တာပါပဲ၊ အချိန်တန်တော့လည်း ပြီးမြောက်သွားတာပါပဲဟု ၎င်းကဆိုသည်။

လွှတ်တော်နောက်ဆုံးနေ့တွင် လုပ်ဖော်ကိုင်ဖက် ညီအကိုမောင်နှမများကို နှုတ်ဆက်ကျေးဇူးတင်ကြောင်း၊ ငါးနှစ်တာကာလတွင် ပြောမှားဆိုမှား လုပ်မှားကိုင်မှားများရှိပါက အစိုးရအဖွဲ့အနေဖြင့်လည်ကောင်း၊ ဝန်ကြီးချုပ်အနေဖြင့် လည်းကောင်း၊ လွှတ်တော်ကိုယ်စား လှယ်များက သည်းခံခွင့်လွှတ်နားလည်ပေးရန် ပြောကြားလိုသည်ဟု ဝန်ကြီးချုပ် ဦးသိန်းအောင်က နှုတ်ဆက်စကားပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် အင်္ဂပူမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူသည်။ စစ်အစိုးရလက်ထက်တွင် သစ်တောဝန်ကြီးအဖြစ်လည်းကောင်း၊ စွမ်းအင်ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ပြီး၊ တပ်မတော်တွင် ဗိုလ်မှူးချုပ် အဆင့်အထိအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...