ဟင်္သာတမြို့တွင် အမေ့မေတ္တာ ပညာဒါနကျောင်းမှ ကျောင်းသားကျောင်းသူများ စုပေါင်း အမှိုက်ကောက်

ဟင်္သာတမြို့တွင် အမေ့မေတ္တာ ပညာဒါနကျောင်းမှ ကျောင်းသားကျောင်းသူများ စုပေါင်း အမှိုက်ကောက်
by -
မဇ္ဈိမ
အနိုင်ရ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်၍ အမေ့မေတ္တာပညာဒါနကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၁၀၀ ခန့် ဖြင့် ဟင်္သာတမြို့ ဗိုလ်ချုပ်လမ်းတစ်လျောက် အမှိုက်ကောက်ခြင်း အမှိုက်ပုံများအား ရှင်းလင်းခဲ့ကြသည်။

"အမေဒေါ်အောင်ဆန်းစုကြည်က သင်တန်းမှာကတည်းက ကိုယ့်မြို့သန့်ရှင်းရေးအတွက် တစ်ပတ်တစ်ကြိမ်သော်လည်းကောင်း တစ်လတစ်ကြိမ်သော်လည်းကောင်း ကိုယ့်မြို့သန့်ရှင်းရေး အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ပြီးလုပ်ရမယ် ဆိုလို့ အမေ့မေတ္တာပညာဒါန ကျောင်းက ကလေးတွေနဲ့ အခုလို ပူးပေါင်းလုပ်ဆောင်တာပါ"ဟု အနိုင်ရNLD ပါတီ အမှတ် ၄ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ပြောသည်။

အဆိုပါအမှိုက်ကောက်ခြင်းအား မနက် ၆နာရီခွဲမှ စတင်၍ စုရပ်အဖြစ်ထားရှိသော အမေ့မေတ္တာ ပညာဒါနကျောင်းမှ ထွက်ခွာပြီး ဗိုလ်ချုပ်လမ်းတစ်လျောက်ရှိ စွန့်ပစ်အမှိုက်များအား ကောက်ယူခဲ့ပြီး လမ်းမတော်အမှိုက်ပုံနှင့် လယ်တော်ကုန်းအမှိုက်ပုံတို့အား မီးရှို့ဖျက်ဆီးခြင်း အနီးအနားရှိ ခြံုများ အမှိုက်များအား ရှင်းလင်းခြင်းပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၁၂ရက်နေ့ကလည်း ဟင်္သာတဆေးရုံကြီး ပတ်ဝန်းကျင်နှင့် ဟင်္သာတစျေးကြီး ထဲတွင်လည်း NLD အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ပြီး ပြည်သူများနှင့်ပူးပေါင်း၍ အမှိုက်ကောက်ခဲ့ကြသည်။

"သမီးတို့ အခုလို အမှိုက်ကောက်ရတဲ့ အကြောင်းရင်းက အခုလို အမှိုက်တွေကောက်လိုက်တဲ့အတွက် သမီးတို့မြို့လေးမှာ သန့်ရှင်းသပ်ရပ်သွားသလို တစ်ခြားမြို့တွေကိုလည်း သန့်ရှင်းသွားစေချင်ပါတယ်။ နိုင်ငံရဲ့မျိုးဆက်သစ်တွေဖြစ်တဲ့ ကျောင်းသား လူငယ်တွေက အခုလို တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်တဲ့အတွက် နောင်တစ်ချိန်မှာ ဒီထက်မက သမီးတို့နိုင်ငံကြီးက ကမ္ဘာအဆင့်မီ နိုင်ငံဖြစ် သွားမှာပါ"ဟု အမေ့မေတ္တာပညာဒါနကျောင်းမှ ဒသမတန်းကျောင်းသူ မနှင်းဝတ်ရည်အောင်က မဇ္စိုမသို့ ပြောသည်။

အဆိုပါလမ်းမတော် အမှိုက်ပုံသည် ဧရာဝတီ မြစ်ကမ်းဘေးရှိ ရေကာတာပေါ်တွင်တည်ရှိကာ ဟင်္သာတမြို့သာယာလှပရေးပရ ဟိတအဖွဲ့(HAPO)မှ မကြာခဏရှင်းလင်းခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့၏ အမှိုက်စွန့်ပစ်မှုကြောင့် ပြန်လည်ကြီး ထွားလာခြင်း ဖြစ်သည်။

"အမှိုက်ကောက်တဲ့ လုပ်ငန်းက ပရဟိတလုပ်ငန်းဖြစ်တဲ့အတွက် အများဝိုင်းလုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ကလေးတွေ ဒီလိုလုပ်တာမြင်ရတော့ ကြည်နူးမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ရပ်ကွက်ထဲက ဒီအမှိုက်ပုံက ဒုက္ခအတော်ပေးပါ တယ်။ ပြည်သူတွေကလည်း ကြံုသလို အမှိုက်မပစ် သင့်ပါဘူး။ အားလုံးစည်းကမ်းရှိကြမယ်ဆိုရင် အခုလို အမှိုက်တွေ ခဏ ခဏကောက်စရာ မလိုတော့ ပါဘူးဗျာ"ဟု ရုံးကြီးရပ်ကွက်ရှိ ကားဝပ်ရှော့ဆိုင်ပိုင်ရှင် ဦးအံ့မောင်က ၎င်းဆိုင်ရှေ့ရှိ အမှိုက်များကို မီးရှို့နေရင်း ဖြေကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ၏အနိုင်ရလွှတ်တော်အမတ်များ အား အမှိုက်ကောက်ရန် ညွှန်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အနိုင်ရ NLD လွှတ်တော် အမတ်များက ပရဟိတအဖွဲ့အစည်းများ ပြည် သူလူထုနှင့် ပူးပေါင်း၍ ယခုလို အပတ်စဉ် လစဉ် အမှိုက်ကောက်နေကြကြောင်း သိရသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...