NCA တွင် လက်မှတ်မထိုးမှုအပေါ် အထင်မလွဲရန် တိုင်းရင်းသားခေါင်းဆောင်များကို ဒေါ်စု ရှင်းပြ

NCA တွင် လက်မှတ်မထိုးမှုအပေါ် အထင်မလွဲရန် တိုင်းရင်းသားခေါင်းဆောင်များကို ဒေါ်စု ရှင်းပြ
by -
မဇ္ဈိမ
နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ I-12အဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ပြန်လည်ထွက်ခွာလာသည့် တိုင်းရင်းသားခေါင်းဆောင်အချို့ကို တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)
နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ I-12အဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ပြန်လည်ထွက်ခွာလာသည့် တိုင်းရင်းသားခေါင်းဆောင်အချို့ကို တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)
NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမရှိသည့်အပေါ် တိုင်းရင်းသားများအနေဖြင့် အထင်မလွဲရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၇ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ် ရှင်းပြခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လွန်ခဲ့သော နှစ်လကျော်က လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(၈)ဖွဲ့ မှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ခြင်း ဖြစ်သည်။

"အဓိကအားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်က NCAမှာ လက်မှတ်ရေးထိုးပွဲမှာတုန်းက NLD ဘာ့ကြောင့် လက်မှတ်မရေးထိုးခဲ့ ဘူးဆိုတာ အဓိကထားပြီး ရှင်းပြတာပါ။ ဘာလို့လည်းဆိုရင် တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ နားလည်မှုလွဲမှာစိုးတဲ့အတွက်၊ တိုင်းရင်းသားအချင်းချင်း ကြားမှာ နားလည်မှု မလွဲစေချင်တဲ့အတွက် လက်မှတ်မထိုးတဲ့အကြောင်း ကျွန်တော်တို့ကို အဓိက ထားပြီး ရှင်းပြခဲ့တာ ဖြစ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီးတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက သတင်းထောက်များကို ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်မှာ တိုင်းရင်းသားအားလုံးပါဝင်ပြီး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်းလည်း ခွန်မြင့်ထွန်းက ပြောသည်။

NLD အနေဖြင့် NCAစာချုပ်တွင် လက်မှတ်မရေးထိုးရသည့် အကြောင်းရင်းမှာ တစ်နိုင်ငံလုံး လွှမ်းခြံုမှု မရှိဘဲ တစ်စိတ်တစ်ပိုင်းသဘောသာ ဖြစ်ခြင်း၊ ဝင်ရောက်လက်မှတ်ရေးထိုးလိုက်ပါက စာချုပ်တွင် လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်းမရှိသော အဖွဲ့များအကြား နားလည်မှု လွဲမှားနိုင်ခြင်းနှင့် လက်မှတ်မထိုးသော တိုင်းရင်းသားလက်နက်ကိုင်များ အပေါ် ဖိအားပေးလာနိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု  NLDပါတီမှ ဒေါက်တာမေဝင်းမြင့်က လွှတ်တော်တွင် ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူတစ်ဦးဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကလည်း "NCAကို လက်မခံတာ မဟုတ်ပါဘူးတဲ့။ လက်မှတ်မရေးထိုးတာက လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေ အကုန်လုံး မပါတဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ဝိဝါဒကွဲပြားမှု၊ စိတ်ဝမ်းကွဲပြားမှု ဖြစ်မှာစိုးလို့ မထိုးတာတဲ့"ဟု မဇ္ဈိမသို့ ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဦးစားပေး လုပ်ဆောင်မည့် လုပ်ငန်းစဉ်ဖြစ်ပြီး အစိုးရဖွဲ့ပြီးချိန်တွင် အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွား မည့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟုလည်း ပဒိုကွယ်ထူးဝင်းက ဆိုသည်။

NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်ဟု ခွန်မြင့်ထွန်းက မဇ္ဈိမသို့ ပြောသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...