ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းရှူး၊ မိုင်းနောင်၊ တန့်ယန်း၊ ကျေးသီးစသည့် မြို့နယ်များမှ ထွက်းပြေး တိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များထဲမှ မူလတန်းနှင့် အလယ်တန်းကျောင်းပေါင်း ၁၅ ကျောင်းခန့် ပိတ်ထားရသည်။ ထို့ကြောင့် ကျောင်းသူကျောင်း သားပေါင်း ၁၂၅၀ ခန့် ကျောင်း မတက်ဘဲ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ထိုကျောင်းသူ ကျောင်းသား များ၏ ပညာရေးအတွက် ပူပန်နေရသည်ဟု သူက ပြောသည်။
“ကျောင်းသားအများအားဖြင့် မူလတန်းနဲ့အလယ်တန်း ကျောင်းသားတွေပါ။ မြို့မှာရှိတဲ့ ကလေးတွေ လည်း ညနေပိုင်းမှာ special class တွေရှိတယ်။ ဒါပေမဲ့ စစ်ဖြစ်တဲ့နောက်ပိုင်း အဲဒါတွေလည်း ပိတ် ထားရတယ်။ အဲဒီကလေးတွေအတွက်က ဒီစာသင်နှစ်အတွက် စိတ်ပူရတယ်။ ကျောင်းသားတွေ အတွက် ကြိုတင်ပြင်ဆင်မှု မရှိဘူးဆိုရင် ကျောင်းပိတ်ချိန်လည်း မဟုတ်ဘူး။ ဥပမာ ဒီကျောင်းသားက ၆ တန်းဆို ၆ တန်းဆက်နေရမှာလား၊ ရ တန်းတက်ရမှာလားဆိုတာမျိုးပေါ့”ဟု သူက ပြောသည်။
လက်ရှိ မိုင်းရှူးမြို့မှ ရှမ်းလူငယ်များကစုကာ ထိုကျောင်းသူကျောင်းသားများအား စာသင်ပေးရန် စီစဉ်နေသော်လည်း ရေတို အတွက်သာ ဖြစ်နိုင်ပြီး ရေရှည်အတွက် စိုးရိမ်စရာ ဖြစ်နေသည်ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်ကလည်း SSPP/SSA ဌာနချုပ်အနီးသို့ အစိုးရ စစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ခဲ့သဖြင့် အထက်တန်းကျောင်းတစ်ကျောင်း ပိတ်ထားလိုက်ရသည်ဟု သူက ပြောသည်။
SSPP/SSA တပ်နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော တစ်လပြည့်နေ့တွင် တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် နှင့် စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော်ရှိလာမှုပေါ် ရှုတ်ချကြောင် ကြေညာချက်တစ်စောင်ထုတ်ပြန်သော ရှမ်းလူထုအခြေပြု အဖွဲ့အစည်း ၂၇ ဖွဲ့က တောင်းဆိုမှုတွင်လည်း ရှမ်းလူငယ်အင်အားစုအဖွဲ့လည်း ပါဝင်သည်။
အောက်တိုဘာ ၆ ရက်က SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းသို့ အစိုးရက ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ ကာ အောက်တိုဘာလ ၁၅ ရက်က SSPP/SSA က ဝမ်ဟိုင်းဌာနချုပ်အနီးရှိ တာဆမ်ပူး ကူးတို့ဆိပ်စခန်းမှ ဆုတ်ခွာပေးလိုက်ရသည်။







