“ကျွန်တော်တို့ ပထမအကြိမ်မပါလို့ ပြန်လျောက်တယ်။ ဒုတိယအကြိမ် ထုတ်ပြန်တော့လည်း မပါဘူး။ ဒါနဲ့ ကျွန်တော်တို့ ရပ်ကွက်က ရွေးကော်ကို ပြောတော့ ပြန်တင်ပေးမယ်။ နောက်ကြိမ်ထုတ်ရင်ပါမှာ ပါ။ မစိုးရိမ်ပါနဲ့လို့ ပြောခဲ့တယ်။ ပုံစံ ၃ (က) နဲ့ ဖြည့်ဆိုလို့ဖြည့်ပေးခဲ့တယ်။ သူ့လက်ထဲ ထည့်ပေးခဲ့ တယ်။ ဒါပေမယ့် အခုချိန်ထိ ကျွန်တော်တို့ အမည်စာရင်းပါမလာဘူး။ သူ့ကိုမေးတော့ တင်လိုက်တယ် ပြောတယ်။ အခုချိန်မှ ဘာမှလုပ်မရတော့ဘူးလို့ ပြောလွှတ်တယ်။"ဟု ကိုကျော်ကြီးက ပြောသည်။
အလားတူ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်တွင်လည်း မဲစာရင်းတွင် မပါဝင်ခဲ့၍ ပြန်လည်တင်ပြခဲ့သော် လည်း နောက်ဆုံးအကြိမ်အထိ မပါဘဲ ဖြစ်နေသူများ ရှိနေသည်။
မိသားစု ၆ ဦးတွင် နှစ်ဦးသာ မဲစာရင်းတွင် ပါဝင်ခဲ့သူ ဦးဝင်းမြင့်ကလည်း “ကျွန်တော်တို့ လင်မယား နှစ်ယောက်ပဲပါတယ်။ သားတွေနဲ့ သမီးတွေပါမလာဘူး"ဟု ပြောသည်။
ထိုသို့ မဲစာရင်းမပါသည့် ဖြစ်စဉ်များမှာ မန္တလေး၊ ချမ်းအေးသာစံမြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဖြစ်နေပြီး ပုသိမ်ကြီးမြို့နယ်တွင် ပိုများသည်ဟု မဲစာရင်းပါမပါ ကူညီကြည့်ပေးနေသည့် ကိုမျိုးနှင့် သူငယ်ချင်းများအဖွဲ့က ကိုကျော်စွာက ပြောသည်။
"တစ်ချို့က မဲစာရင်းမှာ ကိုယ့်နာမည်ပါမပါ မကြည့်တတ်ဘူး။ အခက်အခဲလေးတွေရှိတယ်။ ဒါကိုကူညီတဲ့ အနေနဲ့ ရှာပေးတယ်။ လိုတာလေးတွေ ကူညီပေးတယ်။ အဖွဲ့ကြီးရယ်လို့ မဟုတ််ပါဘူး။ သူငယ်ချင်းတွေစုပြီး ကူညီတဲ့သဘောပါ။ တစ်ချို့က မပါလို့လာပြောတာတွေရှိတယ်။ သူတို့ကို သေချာပြန်ရှာပေးတယ်။ သူတို့ပြောသလို မတွေ့တာများတယ်။ အတော်များများကတော့ မဲစာရင်း ပါကြပါတယ်။ တစ်ချို့တစ်လေတော့ မပါဘူး"ဟု ပြောသည်။
အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွန်းက “အခု မဲစာရင်းမှာ မပါတာတွေကတော့ ပထမ အမှားဆုံးသူကတော့ မဲဆန္ဒရှင်တွေပဲ။ ကြည့်ပါ။ ပြင်ကြပါ ဆိုတုန်းက ဘာမှ လာမလုပ်ကြဘူး။ အခုကြမှ မပါဘူး လာလုပ်တော့ ကျွန်တော်တို့ ဘာမှ လုပ်ပေးလို့ မရတော့ဘူး။ ဒုတိယ အမှားအများဆုံးကတော့ ခရိုင်နဲ့ တိုင်းကော်မရှင်တွေပေါ့ဗျာ။ သူတို့ဘာမှ မသိဘူး။ ကျွန်တော်တို့ပဲ ဖြစ်နေပျက်နေတဲ့ အခက်အခဲကို သိတယ်။ ဒါတွေပြောပြနေရင် ကုန်မှာ မဟုတ်ဘူး။"ဟု ပြောသည်။
မဲစာရင်းအမှားများနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူ တစ်ဦးက “ဒါတွေက ကျွန်တော်တို့ပါတီနဲ့ မဆိုင်ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲ ဆိုင်ပါတယ်"ဟု ပြောသည်။
NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က “ကျွန်တော် တို့လည်း အောင်နိုင်ရေး အတွက်လုပ်ရ။ ဒီမဲစာရင်းကိစ္စတွေလည်း အတတ်နိုင်ဆုံး လုပ်နေတယ်။ အခု ဖြစ်နေတာတွေကို ရွေးကော်က ဖြေရှင်းပေးတာ မရှိသေးဘူး။"ဟု ပြောသည်။
အဆိုပါမြို့နယ်ရပ်ကွက်များတွင် မိသားစုလိုက် မဲစာရင်းတွင် မပါဝင်သူ ရာချီရှိသည်ဟုလည်း ကာယကံရှင်များ၏ ပြောစကားများအရ သိရသည်။







