အကျင့်ဟောင်းတွေ ဖျောက်ဖို့ သူ့အတွက် အလွန်ခက်တဲ့အလုပ် ဖြစ်ခဲ့တယ်လို့ သမ္မတဆို

အကျင့်ဟောင်းတွေ ဖျောက်ဖို့ သူ့အတွက် အလွန်ခက်တဲ့အလုပ် ဖြစ်ခဲ့တယ်လို့ သမ္မတဆို
by -
မဇ္ဈိမ
သမ္မတ ဦးသိန်းစိန်က သူ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဖေါ်ညွှန်းပြောဆိုရာတွင် သူ၏ သမ္မတ သက်တမ်းအတွင်း အကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်းနှင့် ကိုယ်ကျိုးအတွက် ရှေ့တန်းတင်မှု တို့ကို ဖယ်ရှားခဲ့ရပြီး အလွန်ခက်ခက်ခဲ ခဲ့သည်ဟု ပြောဆိုလိုက်သည်။

“အစိုးရ သက်တမ်းတစ်ကြိမ်အတွင်းမှာ ဒီလိုကြီးလေးလှတဲ့ လုပ်ငန်းစဉ်များ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကျွန်တော့်အနေနဲ့ သမ္မတ တာဝန်ယူပြီး အစိုးရ အဖွဲ့ကို ဦးဆောင်ရတဲ့ ပထမဆုံးသက်တမ်းမှာ အတွေးအခေါ်ဟောင်း၊ အမူအကျင့်ဟောင်းတွေနဲ့ ကိုယ်ကျိုး အတ္တကို ရှေ့တန်းတင်မှုတွေကို ဖယ်ရှားဖို့ကြိုးပမ်း လျှောက်လှမ်းရတာဟာလည်း အလွန်သိမ်မွေ့ နက်နဲလှပါတယ်”ဟု သမ္မတက သူ၏ လစဉ်ရေဒီယို မိန့်ခွန်းတွင် ပြောသည်။

သမ္မတက လာမည့် ရွေးကောက်ပွဲနှင် ပတ်သက်၍ အထူးတလည် ပြောဆိုသွားပြီး လာမည့် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြရန်လည်း နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များသို့ တိုက်တွန်းထားသည်။

“၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များဟာ ပြည်သူများရဲ့ ဆန္ဒအစစ်အမှန်တွေကို ထင်ဟပ် မယ်ဆိုတာ အခိုင်အမာ ယုံကြည်ထားပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီများနဲ့ လူပုဂ္ဂိုလ် အသီးသီး အနေနဲ့လည်း ပြည်သူများရဲ့ ဆန္ဒကိုလေးစားပြီး ရွေးကောက်ပွဲရလဒ်များ အပေါ်မှာ အလေးထား ကြိုဆိုလက်ခံကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်”ဟု သမ္မတက ပြောသည်။

အလားတူ ရွေးကောက်ပွဲ မဲပေးမှုနှင့် ပတ်သက်၍ ပြည်သူသို့ တိုက်တွန်းရာတွင် “တစ်ဦးချင်း ဆုံးဖြတ် ရွေးချယ်ရာမှာလည်း ပထမဆုံးအနေနဲ့ ရိုးသားတည်ကြည်မှု၊ စိတ်ရှည် သဘောထားကြီးမှုနဲ့ အမြော်အမြင်ကြီးမှုစတဲ့ နိုင်ငံသားတန်ဖိုး၊ လူမှုတန်ဖိုးများကို နှလုံးသွင်းပြီး စဉ်းစားဆုံးဖြတ် ရွေးချယ်ကြ စေလိုပါတယ်”ဟု ပြောသည်။

အလားတူ သန့်ရှင်းသည့် ရွေးကောက်ပွဲဖြစ်ရန်လည်း ရာနှုန်းပြည့် ကြိုးစားထားသည်ဟု သမ္မတက ဆိုသည်။ “ရာနှုန်းပြည့် ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ ဆိုတာတွေကို ကျင်းပဖို့ အခက်အခဲများ ရှိနေတာကိုလည်း ကျွန်တော့်အနေနဲ့ နားလည် လက်ခံထားပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ဖို့အတွက် ရာနှုန်းပြည့် ကြိုးစားလုပ်ဆောင်ထားကြောင်း အသိပေးပြောကြားလိုပါတယ်”ဟု ပြောခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...