သပိတ်ကျင်းမြို့နယ်အတွင်း ရွှေတူးဖေါ်မှုများကို အရေးယူပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို

သပိတ်ကျင်းမြို့နယ်အတွင်း ရွှေတူးဖေါ်မှုများကို အရေးယူပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို
by -
မဇ္ဈိမ
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်ရှိ  ချောင်းကြီး၊ လိပ်ကျ၊ ရေထွက်၊ ရ မိုင်၊ လမ်းလည်ကျစ်ကျေးရွာနှင့် ဖော့တောကျေးရွာတို့မှ ဒေသခံ ၁၀၀ ကျော်တို့က ကျေးရွာပိုင်မြေများ အတွင်း တရားမဝင် ဝင်ရောက်၍ ရွှေများတူးဖော်နေသော ကုမ္ပဏီများ ထွက်ခွာပေးရန်နှင့် တူးဖော်ခွင့် ပြုထားသူများအား အရေးယူပေးရန် နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၁၁ နာရီက သပိတ်ကျင်းမြို့နယ်ရှိ ချမ်းသာရွှေပြည် အားကစားကွင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြခွင့်အတွက် အောက်တိုဘာ ၂၇ရက်နေ့တွင် ခွင့်ပြုမိန့် တင်ရာ၌  သပိတ်ကျင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန် တင်ခဲ့သော်လည်း ယခုဆန္ဒ ဖော်ထုတ်သည့် နေရာတွင်သာ ခွင့်ပြုခဲ့သည်ဟု ဦးဆောင်သူများက ဆိုသည်။

“ကျွန်မတို့က ထွေ/အုပ် ရုံးရှေ့မှာ ပြဖို့ စာတင်တယ်။ ခွင့်ပြုမပေးပဲ ဒီနေရာကို ခွင့်ပြုပေးခဲ့တယ်”ဟု ရ မိုင် ကျေးရွာမှ ဆန္ဒပြ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဒေါ်ရီမြင့်က ပြောသည်။

“ကျွန်မတို့ ရွာမြေတွေထဲကို ကုမ္ပဏီတွေက လာပြီး ရွှေတူးနေစဉ်ကတည်းက သက်ဆိုင်ရာတွေကို တိုင်တယ်၊ ဘာမှ လာမလုပ်ပေးဘူး”ဟုလည်း ဒေါ်ရီမြင့်က ပြောသည်။

ထိုသို့ ရွာမြေများပေါ် ဝင်ရောက်တူးဖေါ်နေခြင်းအား ရပ်တန့်ပေးရန် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ မှ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့အထိ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အကြိမ် ၃၀ တိုင်စာများ ပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး အရေးယူဆောင်ရွက်မှုများ မရှိပါက ရွေးကောက်ပွဲအပြီး ၁၅ ရက် ပြည့်သည့်နေ့တွင် သပိတ်ကျင်းမြို့နယ် ထွေ/အုပ် ရုံးရှေ့တွင် ထိုင်သပိတ် ဆင်နွှဲသွားမည်ဟု ဆန္ဒဖော်ထုတ်သူများက ဆိုသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သော လမ်းလည်ကျစ်ကျေးရွာမှ ဦးမြင့်ကျော်က “သူတို့ သတ်မှတ်ထား တဲ့ နေရာမှာလုပ်နေရင် ဘာမှ ပြောစရာမလိုဘူး။ အခုဟာက သူခိုးက လူပြန်ဟစ် နေတာကို မကျေနပ်တာပါ။ အခုဟာက ရွာမြေတွေက ပျောက်နေတဲ့အပြင် ရွာပါပျက်မယ့်ကိန်း ဖြစ်နေပြီ။ ဒါကို သက်ဆိုင်ရာက သိသိကြီး ကြည့်နေတယ်။ အရေးယူပေးပါ။ ဖယ်ရှားပေးပါ အကြိမ်ကြိမ် ပြောတယ်။ စာတွေတင်တယ်။ ဘာမှလုပ်မပေးဘူး”ဟုလည်း ပြောသည်။

အဆိုပါ ကျေးရွာပိုင်မြေများတွင် ရွှေတူးဖော်ရေးကုမ္ပဏီ ၁၀ ခုကျော်တို့က လုပ်ကိုင်ဆောင်ရွက်နေ ခြင်းဖြစ်ပြီး ထိုကုမ္ပဏီများထွက်ခွာပေးရန် ဒေသခံများက တောင်းဆိုခြင်းဖြစ်သည်။

လိပ်ကျကျေးရွာမှ ဒေါ်ခင်လှက “ရွာမြေကို ခြံခတ်ပြီး ရွာခံတွေ အဝင်မခံအဖြတ်မခံတွေ လုပ်နေတယ်။ ဖြတ်သွားရင် အရေးယူမယ်ဆိုပြီး စာတွေကပ်ထားတယ်။ ဒီမှာရှိတဲ့ရွာတွေက အခုမှရှိတဲ့ ရွာသစ်တွေ မဟုတ်ဘူး။ ဘိုးဘွားစဉ်ဆက် နေလာတာပါ။ ဒီလိုမြေကို လုပ်ခွင့် ပေးတဲ့သူတွေကို အမြန်ဆုံးဖယ်ရှား ပေးပါလို့ တောင်းဆိုပါတယ်”ဟု ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပေးသူများသည် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မိမိတို့ ဒေသအကျိုး အမှန်တကယ် ပြုလုပ်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်း ကိုသာ မဲပေးသွားမှာဖြစ်ပြီး လက်ရှိလွှတ်တော် ကိုယ်စားလှယ်များသည် ယနေ့အချိန်ထိ ဒေသကောင်းကျိုး ဆောင်ရွက်ပေးခြင်း မရှိသေးဟုလည်း ပြောဆိုကြသည်။

ဖော့တောကျေးရွာ မှ ဦးပေါက်က “တစ်ခါနာပြီးပြီ နှစ်ခါ အနာမခံနိုင်ဘူး။ ဒေသဖွံ့ဖြိုးမှု လုပ်ပေးမယ့် သူကိုပဲ မဲပေးမယ်”ဟု ပြောသည်။ ဆန္ဒဖော်ထုတ်သူများသည် တရားဥပဒေ စိုးမိုးရေး၊ ဥပဒေနှင့် မညီညွတ်သော ရွှေလုပ်ကွက်များ ရပ်ဆိုင်ရေး ဒို့အရေးစသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုကြသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ သပိတ်ကျင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က ရွေးကောက်ပွဲနှင့် အလုပ်များနေသောကြောင့် မဖြေကြားနိုင်ဟု ဆိုသည်။ ကျေးရွာမြေများပေါ် ကျူးကျော်ကာ ရွှေတူးဖော်နေသည် ဟု ဒေသခံများပြောသည့် လမ်းလည်ကျစ်ကျေးရွာမှ ရွှေတူးဖော်ရေး ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက “စက်တွေနဲ့ တူးနေတာဗျာ။ တရားမဝင်ပဲ ဘယ်သူက လာတူးရဲမှာလဲ”ဟု ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...