အစိမ်းရောင်ဗီနှိုင်းပေါ်တွင် အဖြူရောင်စာသားဖြင့် ရေးသားထားသော အချက် ၁၀ချက်အနက် ပထမဆုံးအချက်တွင် “၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၈ရက် ပြည်ခိုင်ဖြိုးအောင်ပွဲနေ့”ဟု ရေးသားထားသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဥပါ္ပတသန္တိစေတီကွင်းတွင် အောက်တိုဘာ ၃၁ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုနယ်မြေအောင်နိုင်ရေး ဦးစီးကော်မတီ တွေ့ဆုံပွဲတွင် ကပ်ထားသည့် ဗီနှိုင်းတွင် ထိုသို့ ရေးသားထားခြင်း ဖြစ်သည်။
ထို့အပြင် “မဲရုံကိုသွားရင် မဲဆန္ဒရှင် ဆွေးမျိုးမိတ်ဆွေများကို အတူခေါ်သွားပါ။ ပြည်ခိုင်ဖြိုးပါတီ အကြောင်း ရှင်းပြပါ” ၊ “သမ္မတကြီးပါတီ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီ ပြည်ခိုင်ဖြိုးပါတီ” “ပြည်ခိုင်ဖြိုး ပါတီ အောင်နိုင်ရေးဟာ ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦး၊ နိုင်ငံသားတစ်ဦး၏ နိုင်ငံတော်ကို ကျေးဇူးဆပ်ခြင်း၊ အမျိုးသားရေး တာဝန်ကျေပွန်ခြင်း ဖြစ်ပါသည်” ဟု အပါအဝင် စုစုပေါင်း အချက် ၁၀ချက် ရေးသားထားသည်ကို တွေ့ရသည်။
ဒေသခံပါတီဝင် ထောင်ပေါင်းများစွာတက်ရောက်သည့် အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ကာ နေပြည်တော်(၈)မြို့နယ်တွင် ရေးကောက်ပွဲဝင်ကြမည့် အမတ်လောင်းများအားလုံး စုံစုံညီညီတက်ရောက်ကြသည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၏ ပြည်သူ့လွှတ်တော်အမတ်လောင်းဖြစ်သူ ကာကွယ်ရေးဝန်ကြီး ဟောင်း ဦးဝေလွင်က “နိုဝင်ဘာလ ၈ရက်နေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ တစ်နိုင်ငံလုံး အနိုင်ရရှိပါစေလို့ ဆုတောင်းရင်းနဲ့ နိဂုံးချုပ်ပါတယ်”ဟု အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားသည့် မိန့်ခွန်းအဆုံးသတ်တွင် ပြောသည်။
ကြံ့ခိုင်ရေးပါတီမှ ေနေပြည်တော်(၈)မြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် အမတ်လောင်း(၁၀)ဦး ရှိပြီး ၎င်းတို့မှာ ဦးမောင်ဦး၊ ဦးဇင်ယော်၊ ဦးလှသိန်းဆွေ၊ ဦးခင်မောင်ဌေး၊ ဦးမှတ်ကြီး၊ ဒေါ်ဝင်းဝင်းသီ၊ ဦးမြင့်လှိုင်၊ ဦးမြတ်ဟိန်းနှင့် ဦးလှဌေးဝင်းတို့ ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေရှိ မဲဆန္ဒရှင်များမှာ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် မဲပေးခွင့်ရှိသူတစ်ဦးလျှင် ၂မဲနှုန်း မဲပေးကြရမည် ဖြစ်သည်။







