မိုင်းရှူးမြို့နယ် SSPP/SSA ဝမ်ဟိုင်းဌာနချုပ်အနီးရှိ ကျေးရွာတွင် ကျူမောင်ခေါင်တွင် အခြေစိုက်ထား သော အစိုးရ စစ်တပ်၏ ၁၂၀ လက်နက်ကြီး ၈ လုံး ကျရောက်ခဲ့သဖြင့် ကျေးရွာရှိ နေအိမ်နှစ်လုံး ထိခိုက်ပျက်ဆီးခဲ့သည်ဟု SSPP/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
“ည ၁၂ နာရီခွဲလောက်မှာ ၁၂၀ လက်နက်ကြီးနဲ့ ကျူမောင်ခေါင်ကနေ ပစ်တာ။ ၁ နာရီထိ လက်နက် ၈ လုံးပစ်တယ်။ ဌာနချုပ်မှာပဲ ကျတာ။ နေအိမ် နှစ်အိမ် မီးဖိုဆောင်တွေ ပျက်ဆီးသွားတယ်။ တခြား လက်နက်ကြီး ထိမှန်တာတော့ ရှိတာပေါ့နော်။ စာသင်ကျောင်းနားမှာ ဖြစ်တာဆိုတော့ ကျောင်းသား တွေလည်း ထွက်းပြေးရတယ်”ဟု သူက မဇ္ဈိမသို့ ပြောသည်။
၎င်းက ဆက်ပြီး “မနေ့က ဝမ်ဟိုင်းဘုန်းကြီးကျောင်းမှာ သီတင်းကျွတ်ပွဲလေ။ အဲဒီမှာ ပွဲရှိတယ်။ အဲဒီထဲကို ပစ်လာတာ။ ပွဲထဲပစ်လာတာပေါ့။ ဘုန်းကြီးကျောင်းနဲ့ ၂၀ ကိုက်ကျော်လောက်ရှိမယ် ထင်တယ်။ လမ်းမပဲ ခြားတယ်။ ရွာသားတွေက နည်းနည်းဝေးတဲ့နေရာကို ထွက်ပြေးသွားတာတွေ ရှိတယ်”ဟု ပြောသည်။
ထိုလက်နက်ကြီး အထက်တန်းကျောင်းအနီး ကျရောက်ခဲ့သဖြင့် စာသင်ကျောင်းတွင် နေထိုင်နေသော ကျောင်းသူကျောင်းသား ၂၀၀ ကျော် ကျေးသီးမြို့နယ် ပန်လော့ကျေးရွာဘက်သို့ ထွက်ပြေးတိမ်း ရှောင်သွားပြီဖြစ်သလို၊ ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သူက ပြောသည်။
အစိုးရစစ်တပ်ဘက်မှ လက်နက်ကြီး ပြန်လည်ပစ်ခတ်မည်ကို စိုးရိမ်သဖြင့် အောက်တိုဘာ ၂၉ရက်နေ့၊ နံနက်ပိုင်းတွင် ဝမ်ဟိုင်းမှ ရွာလူကြီးများက ဝမ်ဟိုင်းကျေးရွာမှ ကလေးနှင့် သက်ကြီးရွယ်အိုများကို ရှောင်တိမ်းခိုင်းထားလိုက်သည်ဟု ဝမ်ဟိုင်းဒေသခံ ကျောင်းသား ဝမ်ဟိုင်းမှ ကျောင်းသား အိုက်စိုင်းလင်းက ပြောသည်။
အောက်တိုဘာ ၂၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရစစ်တပ်က ဝမ်ဟိုင်းဌာနချုပ် အနီးတဝိုက်တွင် လှုပ်ရှားနေသဖြင့် စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု သူက ပြောသည်။
လက်ရှိ မိုင်းရှူးမြို့ပေါ် ဘုန်းကြီးကျောင်းနှစ်ကျောင်းနှင့် အိမ်တစ်အိမ် သုံးနေရာနှင့် ဟိုင်းပါကျေးရွာနှင့် ဝမ်ဆော့ ကျေးရွာများတွင် စစ်ပြေးဒုက္ခသည်စခန်းများဖွင့်လစ်ထားပြီး စစ်ပြေး ဒုက္ခသည် စုစုပေါင်း ၃၀၀၀ ခန့်ရှိနေပြီ ဖြစ်ကာ တိုက်ပွဲများ မရပ်စဲသဖြင့် ထပ်မံ တိုးမြင့်လာဖွယ်ရှိနေသည်ဟု မိုင်းရှူးဒေသခံ နန်းဆိုင်ဟိန်းက ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ခြင်းမရှိသဖြင့် SSPP/SSA ကလည်း လက်မှတ်မထိုးသေးပေ။ အောက်တိုဘာ ၆ ရက်နေ့မှ စတင်၍ အစိုးရ စစ်တပ်ဘက်မှ ဝမ်ဟိုင်းဌာနချုပ်အနီး သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် NCA ကို လက်မှတ်ရေးထိုး ခဲ့ပြီး ဖြစ်သော်လည်း လက်မှတ်မထိုးသေးသည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၏ တပ်မဟာ ၄ လက်အောက်ခံ တပ်များနှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။







