UEC က ရှမ်းမြို့နယ်လေးခုတွင် ရွေးကောက်ပွဲ မလုပ်ဟုဆိုသည့်အပေါ် SNLD ပြင်းထန်စွာ ကန့်ကွက်

UEC က ရှမ်းမြို့နယ်လေးခုတွင် ရွေးကောက်ပွဲ မလုပ်ဟုဆိုသည့်အပေါ် SNLD ပြင်းထန်စွာ ကန့်ကွက်
by -
မဇ္ဈိမ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က အောက်တိုဘာ ၂၇ ရက်စွဲဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ခြင်းသည် ပြည်သူ့ဆန္ဒအရ ရွေးချယ်တင်မြှောက် သည့် အရပ်သားအစိုးရပေါ်ပေါက်ရေးကို ဟန့်တားရာရောက်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က စွပ်စွဲပြီး ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

UEC က မိုင်းရှူးမြို့နယ်တစ်ခုလုံး၊ ကျေးသီးမြို့နယ်တစ်ခုလုံး၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၈ ခု၊ ဟိုပန်မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ ခု တို့ကို "လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိ"ဟု ယူဆပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ (စ) အရ ရွေးကောက်ပွဲ မပြုလုပ်တော့ဟု ထုတ်ပြန်ခဲ့သည်။

SNLD ကမူ UEC အနေဖြင့် လက်ရှိနယ်မြေဒေသအခြေအနေများကို သေချာလေ့လာသုံးသပ်ခြင်း မရှိဘဲ ရွေးကောက်ပွဲ အနိုင်ရရန် မျှော်လင့်ချက်မရှိတော့သည့် အတိုက်အခံမဟုတ်သည့် ပါတီတစ်ခု၏ တင်ပြချက်အပေါ် အခြေပြု စဉ်းစား ဆုံးဖြတ်ခြင်းသာဖြစ်သည်ဟု အောက်တိုဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကန့်ကွက်သည်။

တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဒေသခံများပြောင်းရွှေ့ထွက်ပြေးနေကြရသည့် မိုင်းရှူး၊ ကျေးသီးနှင့် တန့်ယန်းမြို့နယ်များတွင် လွတ်လပ်စွာဆန္ဒမဲပေးခွင့်အား အဆင်ပြေစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်မဟုတ်သောကြောင့် ယင်းဒေသ ၃ ခု ၌ ကျင်းပမည့် ရွေးကောက်ပွဲအား ခေတ္တ ယာယီရပ်ဆိုင်းပေးပါရန် အခြားရှမ်းပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီ SNDP က UEC ထံ အောက်တိုဘာ ၁၉ ရက်နေ့စွဲဖြင့် တင်ပြထားခြင်းဖြစ်သည်။

SNLD ကမူ UEC ၏ ကြေညာချက်ပါ မြို့နယ် ၄ ခုအနက် မိုင်းရှူးနှင့် ကျေးသီးမြို့နယ် နှစ်ခု၌သာ တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများဖြစ်ပွားနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲကျင်းပမည့် လာမည့် ၁၀ ရက်တာကာလအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည်ကို UEC က မည်သို့ကြိုတင်သိရှိနေပါသနည်းဟုလည်း မေးခွန်းထုတ်ထားပြီး ဒေသခံ မဲဆန္ဒရှင်များ၏ နိုင်ငံသားအခွင့်အရေးအား ထည့်သွင်းစဉ်းစားခြင်း မပြုသည်ကို များစွာ စိတ်ပျက်ရသည်ဟု ထုတ်ပြန်ချက်၌ ပြောထားသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ အမတ်လောင်းများက ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်း၊ ပိတ်ပင်ခြင်းမပြုရန် ကန့်ကွက်ထားပါလျက် နှစ်ဦးနှစ်ဖက်အား ခေါ်ယူကြားနာမှုမပြုဘဲ တစ်ဖက်အလိုကျ ဆုံးဖြတ်ခြင်း၊ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်အမတ် ဦးရေ ရ၅ ရာခိုင်နှုန်း မပြည့်စေရန်နှင့် ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေးကို ပိုမို နှောင့်နှေးခက်ခဲစေရန် တမင်ကြံရွယ် လုပ်ဆောင်ရာရောက်ခြင်း၊ ဒေသခံလူထု၏ ဆန္ဒအမှန်ကို ကွင်းဆင်းစစ်တမ်း ကောက်ခြင်းမပြုဘဲ ဆီလျော်ခိုင်လုံမှုလုံးဝမရှိသည့် အကြောင်းပြချက်ဖြင့် တစစ်ဖက်သတ် လုပ်ဆောင်ခြင်းကြောင့် ပြင်းထန်စွာကန့်ကွက်သည်ဟု SNLD က ထုတ်ပြန်ကြေညာသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...