ခိုတောင်ကျွန်း လူသတ်မှု သက်သေများ မခိုင်လုံ၍ တရားသေလွှတ်သင့်ဟုဆို

ခိုတောင်ကျွန်း လူသတ်မှု သက်သေများ မခိုင်လုံ၍ တရားသေလွှတ်သင့်ဟုဆို
by -
မဇ္ဈိမ
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ဗြိတိန်စုံတွဲသတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးကို မူခင်းဖြစ်စဉ်သက်သေများ ခိုင်လုံမှုလည်းမရှိဘဲ ရဲထောက်လှမ်းရေးတွင်လည်း   ပျော့ကွက် ဟာကွက်များရှိနေ၍ တရားသေပြန်လွှတ်သင့်ဟု တရားရုံးတွင် အောက်တိုဘာ ၂၆ ရက်နေ့က ကြားနာခဲ့သည်။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာက ခိုတောင်ကျွန်းပေါ်တွင် ဗြိတိန်စုံတွဲ အသက် ၂၄ နှစ်ရှိ ဒေးဗစ်နှင့် ၂၃ နှစ်ရွယ် ဟန်နာတို့အား သတ်ဖြတ်မှုဖြင့် ကိုဇော်ဝင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား စွပ်စွဲကာ တရားစွဲဆိုလျက် ရှိနေသည်။

စွပ်စွဲခံတရားခံနှစ်ဦးစလုံးက အပြစ်မရှိကြောင်း ထွက်ဆိုထားပြီး ရဲများ၏ လုပ်ဆောင်မှုများ ညံ့ဖျင်းခြင်း များရှိသည်ဟု စွပ်စွဲမှုများရှိထားသည့် ယင်းအမှုသည် ကမ္ဘာ့လှည့်ခရီးသည်များ နှစ်ခြိုက်လာရောက်ရာ ထိုင်းနိုင်ငံ၏ ဂုဏ်ကို ညိုးနွမ်းစေပြီး ပြစ်မှုထင်ရှားစီရင်ပါက သေဒဏ်ကျခံရမည် ဖြစ်သည်။

အမှုစီရင်ချက်ကို ခရစ္စမတ်အကြိုတွင် အမိန့်ချမှတ်မည် ခန့်မှန်းရသည်။

အစိုးရတရားလိုဖက် ရှေ့နေများက ဟန်နာအလောင်းနှင့် အခင်းဖြစ်ရာအနီးတစ်ဝိုက်တွင် တွေ့ရှိသော ဒီအင်န်အေအပါအဝင် အမှုက ခိုင်လုံမှုရှိသည်ဟု အခိုင်အမာဆိုကြသည်။

သို့သော် တရားခံဖက်ရှေ့နေများက လူသတ်လက်နက်ပေါက်တူးတွင် တရားခံများ၏ ဒီအင်န်အေကို မတွေ့ရှိရကြောင်း ပညာရှင်တစ်ဦး၏ ထွက်ချက်ကို ဆုပ်ကိုင်ကာ မူခင်းသက်သေများက သံသယ ဖြစ်ဖွယ်ရာများ များစွာရှိနေသည်ဟု ဆိုသည်။

ယင်းထိတ်လန့်ဖွယ် လူသတ်မှုနှင့် ပတ်သက်ပြီး သုံးလကျော်ကြာတွင် ၂၁ ရက်စစ်ဆေးကြားနာမှုများ အပြီးသတ် ချိတ်ပိတ်အစီရင်ခံစာကို တရားခံဖက်ရှေ့နေများက အော်တိုဘာ ၂၆ ရက်နေ့တွင် တင်သွင်းခဲ့သည်။

စွပ်စွဲခံရသူများအပေါ် မူခင်းသက်သေများက အားကိုးလောက်အောင် ခိုင်လုံမှုမရှိကြောင်း ယင်းအစီ ရင်ခံစာကို မီဒီယာများသို့ ထုတ်ပြန်ခဲ့ပြီး အမှုသွားအမှုလာစွဲဆိုချက်များကို တိကျခိုင်လုံခြင်းမရှိသည့် သက်သေများအပေါ်တွင် တည်ဆောက်ထားခြင်းသာဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

လူသတ်မှုစစ်ဆေးမေးမြန်းမှုများတွင်လည်း တရားခံနှစ်ဦးကို ရှေ့နေမပါဘဲ မေးမြန်းစစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့နားလည်ခြင်းမရှိသည့် စာရွက်စာတမ်းများတွင်လည်း လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း တရားခံဖက်ရှေ့နေများက ပြောသည်။

ထို့အပြင် ဖမ်းဆီးထားစဉ် ခြိမ်းခြောက်အကြပ်ကိုင်ကာ ဝန်ခံခိုင်းခြင်းလည်း လုပ်ဆောင်ခဲ့ကြောင်း ရှေ့နေအဖွဲ့က ပြောသည်။

တရားခံများရှေ့နေအဖွဲ့ခေါင်းဆောင် Nakhon Chompuchat က ၎င်း၏ အမှုသည်များက တရားနိုင်လိမ့်မည်မျှော် လင့်ထားကြောင်း၊ ၎င်းတို့အား ကွင်းလုံးကျွတ်လွတ်ပေးမည်ထင်ကြောင်း ပြောခဲ့သည်။

အမှုအား ဒီဇင်ဘာ ၂၄ ရက်တွင် စီရင်ချက် ချမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ခရစ္စမတ်က အစိုးရရုံးပိတ်ရက်အဖြစ် မသတ်မှတ်ထားပေ။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...